top of page

မြစ်ကြီးနားရုံးတွင်သာ ဝန်ဆောင်မှုပြန်လည်ပြုလုပ်ပေးသောကြောင့် passport လျှောက်ထားသူများအခက်ကြုံနေ

  • Writer: Pajau Media
    Pajau Media
  • Oct 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခံထားရချိန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(မြစ်ကြီးနား)တွင်နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများအား ရန်ကုန်ရုံးခွဲနှင့်မန္တလေးရုံးခွဲတို့တွင် ဆောင်ရွက်ပေးလျှက်ရှိကာ (14.10.2024) ရက်နေ့မှစတင်၍မြစ်ကြီးနားရုံးခွဲတွင်သာပြန်လည်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်လိုက်သောကြောင့် မန္တလေးနှင့်ရန်ကုန်သို့တွင် Online Appointment Date ရရှိထားသူများသည် နိုင်ငံကူးလက်မှတ်မရရှိဘဲ ငွေကြေးဆုံးရှုံးနှစ်နာမှုများရှိနေကြောင်း ပြောဆိုနေကြသည်။


ငွေကြေးဆုံးရှုံးနှစ်နာသူတဦး၏ပြောပြချက်အရ

 "ကချင်ပြည်နယ်မှာ အင်တာနက်ဖြတ်ထားတော့ မန္တလေးမှာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ Online ကနေလျှောက်လိုက်ရတယ်၊ Online Appointment Date ကျလာတော့ မန္တလေးကို ပတ်စ်ပို့လုပ်ဖို့ လေယာဉ်နဲ့သွားရတယ်၊ ကားလမ်းကလဲ အဖမ်းအဆီး အစစ်အဆေးတွေကြမ်းတော့ လူငယ်တယောက်အနေနဲ့ ကားလမ်းကနေမသွားရဲဘူး၊ လေယာဉ်လက်မှတ်ခက မြစ်ကြီးနားမန္တလေးအသွားအပြန်( ၉ )သိန်းကုန်တယ်၊မိုးညှင်းမြို့ကနေ မြစ်ကြီးနားကို ကားခအသွားအပြန်(၁)သိန်းကုန်တယ်၊လိုင်းဖြတ်ထားတော့ မိုးညှင်းမြို့နယ်မှာ စမတ်ကတ်လုပ်မရလို့ မန္တလေးမှာ စမတ်ကတ်လုပ်တာ နယ်ကျော်ခဆိုပြီးတောင်းလို့ (၂)သိန်းခွဲကုန်တယ်၊ မန္တလေးမှာ စမတ်ကတ်လုပ်ဖို့ စောင့်ရတာတာ(၆)ရက်ကြာတယ်၊ စားစရိတ်နဲ့တည်းခိုစရိတ်ကုန်တယ်၊(၁၄)ရက်နေ့ကစပြီးမန္တလေးနဲ့ရန်ကုန်မှာ မလုပ်ပေးတော့ဘူးဆိုပြီး ထုတ်ပြန်လိုက်တော့ ပတ်စ်ပို့မရဘဲ ပြန်လာခဲ့ရတယ်"ဟု မိုးညှင်းမြို့နယ်မှ နိုင်ငံကူးလက်မှတ်လုပ်သူတဦးကပြောသည်။


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ နိုင်ငံကူးလက်မှတ်လုပ်သူတဦးကလည်း

"ဖားကန့်ကနေ မန္တလေးမှာပတ်စ်ပို့သွားလုပ်တာ အိမ်ထောင်စုမူရင်းက ဟောင်းနေတာကို မူရင်းမဟုတ်ဘူးဆိုပြီး မလုပ်ပေးလို့ မန္တလေးကနေ ရန်ကုန်ကိုပြန်သွားလုပ်ရတယ်၊ရန်ကုန်ရောက်တော့လဲ လူများလို့ အကြာကြီးတန်းစီရတာနဲ့ တပတ်လောက်ကြာသွားတယ်၊စားစရိတ်တွေထိတာပေါ့၊ တန်းစီပြီး ကိုယ့်အလှည့် ရောက်ခါနီးမှ အောက်တိုဘာ၁၄ရက်‌နေ့ကစပြီး မထုတ်ပေးတော့ဘူးဆိုပြီး ထုတ်ပြန်လိုက်တော့ပတ်စ်ပို့မရဘဲပြန်လာခဲ့ရတယ်၊ ဆယ်ရက်လောက်ကြာတယ်(၂၅)သိန်းလောက်ကုန်တယ်၊မြစ်ကြီးနားပြန်လာလုပ်ရမယ်တဲ့"ဟု ယင်းလူငယ်ကပြောသည်။


အင်တာနက်လိုင်းနှင့်ကားလိုင်းများ ဖြတ်တောက်ထားသောကြောင့် ပြည်သူများမှာ အဖက်ဖက်မှ ဆုံးရှုံးနှစ်နာမှုများရှိလာသည်မို့ အမြန်ဆုံးငြိမ်းချမ်းချင်ပြီဟု ပြောဆိုနေမှုများလည်းရှိသည်။


မြစ်ကြီးနား- မန္တလေးကားလမ်းပိုင်းတွင် တိုက်ပွဲများကြောင့် လမ်းပိတ်ထားပြီး ခရီးသွားပြည်သူများသည် ကွင်းလမ်းအသုံးပြု၍သွားလာနေကြရာ မြစ်ကြီးနားမှ မန္တလေးသို့ကားဖြင့်သွားရာလမ်းတွင် သုံးညအိပ်ကြရပြီး စစ်ကောင်စီ၏ စစ်‌ဆေးရေးဂိတ်တချို့တွင် ပြည်သူများအား ဒူးထောက်လက်မြောက်ခိုင်း၍ စစ်ဆေး‌ကြောင်း သိရသည်။


ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page