မြစ်ကြီးနားလေဆိပ် အမြန်ဆုံးပြေးဆွဲနိုင်ရန် ဆောင်ရွက်နေကြောင်း စကမ ထုတ်ပြန်
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

တိုက်ခိုက်ခံရမှုများကြောင့် ယာယီရပ်နားထားသည့် မြစ်ကြီးနားလေဆိပ်ကို အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်း လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရန် အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ၂၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်ထဲတွင် မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း တိုက်ခိုက်ခံရမှုရှိခဲ့ပြီး လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာ အနည်းငယ်ပျက်စီးခဲ့မှုကြောင့် လေယာဉ်ပျံသန်းပြေးဆွဲမှုများ ခေတ္တရပ်နားထားသည်ဟု ဆိုသည်။
မြစ်ကြီးနားလေဆိပ်ကို ဖေဖော်ဝါရီ (၂၀)ရက်နေ့ည (၈)နာရီခွဲအချိန်တွင် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ATR-72-600 အမျိုးအစား တစ်စင်းအား FPV suicide drone ထိမှန်ခဲ့ပြီး ပျံသန်းမှုခေတ္တရပ်နားထားခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂၁ရက်နေ့မစ၍ လေဆိပ်ကို ၃လကြာ ပိတ်ထားမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အချို့မှာ မတ်လဆန်း ၅ရက်နေ့တွင် ပြန်လည်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။
ယခုကဲ့သို့ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုအား KIAနှင့်PDF က လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်တပ်က စွပ်စွဲထားသော်လည်း KIAဘက်က ငြင်းဆိုထားသလို အများပြည်သူနှင့် ပတ်သက်သည့် နေရာများကို တိုက်ခိုက်သည့်မူဝါဒ မရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူကလည်း ပြောဆိုထားသည်။
မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်က KIAနယ်မြေများသို့ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
သတင်း - ထုဆိုင်း




Comments