မြစ်ကြီးနားလေယာဥ်ကွင်းအပေါ် လက်နက်ကြီးကျည်များဖြတ်သန်းခြင်းကြောင့် လေဆိပ်အရေးပေါ်ပိတ်
- Pajau Media

- Mar 9, 2024
- 1 min read
ပါဂျောင်မီဒီယာ
၉ ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ်။

မြစ်ကြီးနားလေဆိပ်ကို ယနေ့ မတ်လ၊ ၉ ရက်နေ့ မနက်ပိုင်းတွင် လေယာဥ်များဆင်းသက်ခွင့် နှင့် ပြေးဆွဲခွင့် မပြုတော့ပဲ ယာယီအရေးပေါ်ပိတ်လိုက်တယ်လို့သိရပါတယ်။
မန္တလေး မှ မြစ်ကြီးနားသွားမည့် လေကြောင်းခရီးစဥ်များ အားလုံး ဖျက်သိမ်းခံရကာ ရန်ကုန်မှ မြစ်ကြီးနားသို့ တက်လာသော လေကြောင်းလိုင်းများကိုလည်း မန္တလေးမှရန်ကုန် သို့ပြန်ခေါက်ခိုင်းတယ်လို့ သိရပါတယ်။
လတ်လောအခြေအနေအရ မြစ်ကြီးနားလေ ကြောင်းခရီးစဥ်အားလုံး အရေးပေါ်ယာယီဖျက် သိမ်းလိုက်ရခြင်းဟာ မြစ်ကြီးနားမှ ဝိုင်းမော်ဘက်တိုက်ပွဲနေရာများသို့ ပစ်ကူသော လက်နက်ကြီးကျည်များလေယာဥ်ကွင်းပေါ်ကနေ ဖြတ်သွားခြင်းကြောင့်ဖြစ်တယ်ဟု လေယာဥ်ကွင်းနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးကျည်တွေက လေယာဥ်ကွင်းပေါ်ကနေ ဖြတ်သွားတော့ ကွင်းမှုးတွေက လေယာဥ်တွေကိုမဆင်းခိုင်းတော့ပဲ လေကြောင်းခရီးစဥ်အားလုံး ဖျက်သိမ်းခိုင်းလိုက်ပြီး၊ မြစ်ကြီးနားလေဆိပ်အဝင်အထွက်တွေ အားလုံးပိတ်လိုက်တယ်" ဟု အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။

အဆိုပါ လက်နက်ကြီးကျည်များမှာ တိုက်ပွဲဖြစ်နေသည့် ရွှေညောင်ပင် နှင့် အောင်မြေ (၁) ဘက်သို့ ပစ်ကူသည့် လက်နက်ကြီးကျည်များဖြစ်နိုင်ပြီး၊ ယနေ့မနက်ပိုင်းတွင်လည်း လက်နက်ကြီးပစ်သံ များဆက်တိုက်ကြားနေရကြောင်း မြစ်ကြီးနားမြို့ ရှိဒေသခံများထံမှသိရသည်။
မြစ်ကြီးနားလေဆိပ်အဝင်အထွက်များပိတ်ကာ မြစ်ကြီးနားလေကြောင်းခရီးစဥ်များအားလုံး ယနေ့ တွင်ဖျက်သိမ်းလိုက်ပြီး၊ မည်သည့်အချိန်တွင်ပြန်ဖွင့်မည်ကို ပါဂျောင်မီဒီယာ မှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ထို့အပြင် မတ်လ ၇ ရက်နေ့ မှစပြီး ဗန်းမော်လေဆိပ်အား ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်းများလည်းရှိခဲ့သည်။
ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်လျက်ရှိရာ မြစ်ကြီးနား-ဝိုင်းမော် ကားလမ်းတစ်လျှောက်ဖြစ်ပွားလျက်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်၏ နှစ်ဖက်တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ကျေးရွာအတွင်းတွင် ပြည်သူများပိတ်မိနေပြီး အကူအညီလိုအပ်လျက်ရှိကြောင်းသိရသည်။




Comments