top of page

မြစ်ကြီးနားသို့ လူနာပို့‌‌ဆောင်သော မော်လူးမှ ပရဟိတ‌ခေါင်းဆောင်တစ်ဦး အပြန်လမ်းတွင် ဖမ်းဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • Feb 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၄ခုနှစ်။



စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့မှ ပရဟိတခေါင်းဆောင် ဦးဆံရှည်ဆိုသူသည် တိုက်ပွဲမှ ထိခိုက်ဒဏ်ရာရသူများအား မြစ်ကြီးနားသို့ သွားပို့ပြီးအပြန် လမ်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်နေ့၌ ဖမ်းဆီးခံလိုက်ရကြောင်း မော်လူးမြို့ခံတစ်ဦးထံမှ သိရသည်။


"ဘယ်လိုကြောင့် အဖမ်းခံရတယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး၊ ဖေဖော်ဝါရီ၂၀ရက်နေ့က နဘားလမ်းဆုံမှာ စစ်တပ်နဲ့PDF တွေတိုက်ပွဲဖြစ်တော့ စစ်တပ်ဖက်က လက်နက်ကြီးနဲ့ထုတာ လူတွေထိခိုက်ဒါဏ်ရာ ရတယ်ကြားတယ်၊ အဲ့လူနာတွေကို မြစ်ကြီးနားဆေးရုံကို သွားပို့ပြီးအပြန်မှာ အဖမ်းခံရတာ” ဟု ဦးဆံရှည်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။


ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် နဘားလမ်းဆုံနေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ကြရာ ထိခိုက်ဒဏ်ရာရရှိသူများ ပါဝင်ခြင်းကြောင့် ဦးဆံရှည်မှ မြစ်ကြီးနားသို့ လူနာသွားပို့စဉ် အပြန်လမ်းတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။


နီးစပ်သူများ ပြောပြချက်အရ ဦးဆံရှည်ကို မည်သည့်တပ်ဖွဲ့ဘက်မှ ဖမ်းဆီးသွားသည်ကို မသိရှိရသေးကြောင်းနှင့် ဖမ်းဆီးခံရသည့်နေ့မှ အချိန်၅ရက်ကြာမြင့်သည်အထိ သတင်း တစ်စုံတစ်ရာမှ မကြားမိသေးဘူးဟု ပြောသည်။


“ဘယ်တပ်က ဖမ်းသွားမှန်းလဲမသိဘူး၊ ဘယ်ကိုလိုက်လို့ လိုက်ရမှန်းလဲမသိဘူး၊ ဒီနေ့ထိဆိုရင် ငါးရက်ရှိပြီ သတင်းအစအနတောင် မကြားသေးဘူး၊ ခါတိုင်းလဲ လူနာအမြဲပို့နေကျဘဲ၊ တစ်ယောက်ယောက်က အတို့အထောင်လုပ်လိုက်တယ်လို့ထင်တယ်" ဟုအထက်ပါ မော်လူးမြို့ခံက ဆက်ပြောသည်။


ဦးဆံရှည်သည် မော်လူးမှ မေတ္တာအားမာန် လူမှုကူညီရေးအသင်းဝင် တစ်ဦးဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ကိုယ်တိုင်သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိသူ အရပ်သားပြည်သူများအား ကူညီလိုသောစိတ်ဖြင့် အင်တိုက်အားတိုက် ကူညီတတ်သူဖြစ်ကြောင်းနှင့် မည်သည့်နေရာ၊ ဘယ်လိုအချိန်မျိုးမဆို သွားရောက်ကူညီတတ်သူ သာမန်ပြည်သူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီ၏ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် လူငယ်များအပါအဝင် လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအား စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ယခုရက်ပိုင်းအတွင်း မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page