မှော်စီစာ စာသင်ကျောင်းအနီးတွင် အရပ်သားပြည်သူ(၃)ဦး ပစ်သတ်ခံရ
- Pajau Media
- Jun 12
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ ဇွန်လ၊ ၂၀၂၅။

ဖားကန့်မြို့နယ်၊ မှော်စီစာ စာသင်ကျောင်း၊ ရွာမလမ်းဆုံအနီးတွင် ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်အချိန်တွင် လမ်းသွားလမ်းလာ ပြည်သူ(၃)ဦးကို လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဆိုင်ကယ်ဖြင့်ရောက်လာကာ ပစ်သတ်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံမျက်မြင်တစ်ဦးထံမှ သိရသည်။
အဆိုပါ မျက်မြင်တစ်ဦးက “ဆိုင်ကယ်နဲ့လာပြီးပစ်သွားတာ။ သေနတ်သံ ၄ ချက်၊ ၅ ချက်လောက်တော့ ကြားလိုက်တယ်။ ကြည့်လိုက်တော့ ပစ်စတိုသေနတ်ကိုင်ထားတဲ့အဖွဲ့က ဆိုင်ကယ်နဲ့ပြေးသွားပြီ။ ပြီးတော့လမ်းပေါ်မှာ လူ၃ယောက် သွေးတွေနဲ့လဲနေပြီလေ” ဟု ပြောပြသည်။
ပစ်သတ်ခံလိုက်ရသည့် ပြည်သူ(၃)ဦးမှာ အသက်(၂၀)ကျော်မှ (၃၀)ဝန်းကျင်အရွယ်များသာဖြစ်ပြီး၊ ရေမဆေးရှာ အလုပ်သမားများဖြစ်ကာ၊ မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခံရခြင်းဖြစ်သည်ကိုတော့ မသိရဘူးဟု ဆိုသည်။
ရပ်မိရပ်ဖတစ်ဦးကလည်း ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ “ဖားကန့်က လူမျိုးပေါင်းစုံနေတော့ အရင်ကတည်းက ခနခနလူသတ်မှုတွေ ဖြစ်တယ်။ လက်နက်ကိုင်တွေလည်း တစ်ဖွဲ့တည်းရှိတာမှ မဟုတ်တာ။ အခုဆိုပိုဆိုး လမ်းပေါ်မှာတောင် အရပ်ဝတ် သေနတ်တကားကားနဲ့။ ဟိုနား လူပစ်သတ် ဒီနားလူပစ်သတ်။ တရားဥပဒေစိုးမိုးမှုဆိုတာ မရှိတော့ဘူး။ အကုန်လောဘကြောင့် ပရမ်းပတာတွေ ဖြစ်ကုန်ပြီ။” ဟု ဖြည့်စွက်ပြောဆိုထားသည်။
ဖားကန့်မြို့နယ်အတွင်း လတ်တလော စစ်ကောင်စီနှင့် KIA၏ အပြန်အလှန်စစ်ရေးတင်းမာမှုမှာ မြို့တွင်းရပ်ကွက်၊ ကျေးရွာများတွင် အစဉ်ရှိနေမြဲဖြစ်သည့်အပြင် မကြာခဏ လက်နက်ကြီးပေါက်ကွဲခြင်းနှင့် သေနတ်ဖြင့် ပစ်သတ်မှုများရှိနေကြောင်း သိရသည်။
ထို့အပြင် ဖားကန့်ဒေသတွင် လက်ရှိအချိန်အထိ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်ကာ စစ်အင်အားအလုံးအရင်း ရှိနေသေးပြီး၊ KIAပူးပေါင်းတပ်ဖွဲ့မှလည်း စစ်ကြောင်းလှုပ်ရှားနေသောကြောင့် နှစ်ဖက်စစ်ရေးအခြေအနေမှာ အပြန်အလှန်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း - အန်ဒီ
コメント