မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်မှုကို ရပ်တန့်ရန် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများ ကန့်ကွက်လှုပ်ရှားမှု ပြုလုပ်
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊မေလ၊၂၀၂၆။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ လူငယ်များက ယမန်နေ့ မေလ၂၅ရက်နေ့တွင် ရပ်တန့်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများ ဖွဲ့စည်းကာ ကချင်ပြည်နယ် မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် ဝါဒဖြန့်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသောကြောင့် မြစ်ကြီးနားရောက် လူငယ်များမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန် ပြည်သူများကို အစည်းအဝေးဖိတ်ခေါ်စဉ် အခြားခေါင်းစဉ်တပ်၍ ခေါ်ယူခြင်းနှင့် အတင်းအဓ္ဓမခေါ်ယူခြင်းများ ရပ်တန့်ရန်လည်း တောင်းဆိုထားကြသည်။
အလားတူ ပြီးခဲ့သည့် မေ၂၂ရက်နေ့က ပူတာအိုမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအတွင်း ကျောင်းသား/ကျောင်းသူများကို ကြိုတင်အသိပေးခြင်းမရှိဘဲ မြစ်ဆုံစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ တက်ရောက်စေခဲ့ကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသား/ သူများ၊ ဒေသခံများ၊ လူငယ်များနှင့် ဧရာဝတီမြစ်ကြောင်းတလျှောက်က ပြည်သူများနှင့်အတူ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ပြီး၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ဆိုးကျိုးများ၊ နောက်ဆက်တွဲပြဿနာများကိုလည်း စောင့်ကြည့် ပြောဆို ဖော်ထုတ်သွာမည်ဖြစ်ကြောင်း KHRW အဖွဲ့မှ ထုတ်ပြန်ထားသည်။
သတင်း - ထုဆိုင်း
ဓါတ်ပုံ-KHRW




Comments