“မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်း”အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်မှ သဘောထားထုတ်ပြန်ချက်
- Pajau Media

- 11 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ဧပြီ၊၂၀၂၆။
အစိုးရအဆက်ဆက်ကတည်းက ဒေသခံပြည်သူများ၊ မြန်မာနိုင်ငံသူ/သားများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကြောင့် လုံးဝမတည်ဆောက်ရန် ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အစိုးရအဆက်ဆက် (၂၀၁၀-၂၀၂၀)က ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံရေကာတာ စီမံကိန်းကို ယခုအခါ ပြန်လည်စတင်ရန် ကြိုးပမ်းလာမှုအပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
ယခုတစ်ဖန် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လုပ်ဆောင်နိုင်ရန် မြစ်ကြီးနားမြို့နေ ပြည်သူများကို စည်းရုံးသိမ်းသွင်းခြင်း၊ ရုံးတွင်း ညွှန်ကြားချက် (သို့မဟုတ်) အမိန့်များမှတဆင့် “မြစ်ဆုံစီမံကိန်းဆိုင်ရာ သက်သေအချက်အလက် အခိုင်အမာမပြနိုင်ဘဲ ကန့်ကွက်ပါက အရေးယူမည်” ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ မက်လုံးပေးခြင်း အစရှိသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ ပြည်သူများက မည်မျှပင် ကန့်ကွက်နေစေကာမူ သက်ဆိုင်ရာ အာဏာပိုင်များသည် မြစ်ဆုံစီမံကိန်းကို မရမက (ရသည့်နည်းဖြင့်) အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ကို ကြားသိနေရပါသည်။
ယခုကာလသည် တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဖြစ်ပွားနေသော အချိန်အခါဖြစ်ရုံသာမက၊ အများပြည်သူ၏ သဘောထားအမှန်ကို ရယူရန် လုံးဝမဖြစ်နိုင်သော ကာလဖြစ်သည်။ ဤသို့ နိုင်ငံရေးမတည်ငြိမ်သော အချိန်၌ အခွင့်ကောင်းယူကာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ဆောင်ခြင်းသည် အများပြည်သူနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ သဘောထားများကို လုံးဝ လျစ်လျူရှုရာရောက်သည်ဟု မြင်မိပါသည်။
ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရချိန်တွင် မြစ်ဆုံစီမံကိန်းကြောင့် တစ်ပူပေါ် တစ်ပူဆင့်ကာ နောက်တစ်ဖန် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရမည့်အရေးကို အလွန်စိုးရိမ်မိပါသည်။ ထို့အပြင် ကာလကြာရှည်စွာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ မြစ်ဆုံဆည် တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကြား ယုံကြည်မှုကို ပိုမိုကင်းမဲ့စေမည့်အပြင်၊ နောင်တွင် မလိုလားအပ်သော ပဋိပက္ခများကို မီးစထိုးပေးရာရောက်စေပါသည်။
ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များအရ မြစ်ဆုံစီမံကိန်းကြောင့် ရရှိလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန်ကြီးမားပါသည်။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် မျိုးစိတ်များ ပျက်စီးပျောက်ကွယ်ခြင်း၊ ရေကြီးရေလျှံဖြစ်ပေါ်ခြင်း၊ ရေလမ်းကြောင်းများ ပျက်စီးခြင်းနှင့် သဲသောင်ထွန်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အပြင် ကချင်ပြည်နယ်သူ/သားများအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးရမည့်အပြင်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှီခိုလုပ်ကိုင်စားသောက်နေသူများ၏ အသက်မွေးဝမ်းကျောင်းမှုများကိုပါ ဆုံးရှုံးရမည်ဖြစ်ပါသည်။
အဆိုးရွားဆုံးအချက်မှာ မြေပထဝီအနေအထားအရ သဘာဝငလျင်အန္တရာယ်ကြောင့် သော်လည်းကောင်း၊ လက်နက်ကြီးထိမှန်မှုများကြောင့် သော်လည်းကောင်း တာရိုးကျိုးပေါက်သွားခဲ့ပါက မျက်စိတစ်မှိတ်အတွင်း မြစ်ကြီးနားမြို့နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမည့် အန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ပါသည်။
ထို့ကြောင့် ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်မှ အောက်ပါအတိုင်း အလေးအနက် တောင်းဆိုအပ်သည်-
၁။ ပြည်သူလူထု၏ သဘောထားဆန္ဒများကို အပြည့်အဝ လေးစားလိုက်နာရန်။
၂။ စီမံကိန်းကို ကန့်ကွက်သည့် ပြည်သူများအပေါ် အရေးယူမည်ဟု ခြိမ်းခြောက်နေမှုများကို ချက်ချင်း ရပ်တန့်ရန်။
၃။ ဒေသခံပြည်သူများနှင့် မြန်မာတစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန် တောင်းဆိုလိုက်ပါသည်။








Comments