top of page

မြစ်ဆုံသွားလမ်းမပေါ်ရှိ အာလမ်ကျေးရွာတွင် စစ်ကောင်စီတပ်သားများကျန်ရှိနေဆဲ

  • Writer: Pajau Media
    Pajau Media
  • Oct 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၆ရက်၊အောက်တိုဘာ၊၂၀၂၄။



မြစ်ကြီးနား-မြစ်ဆုံသွားလမ်းမပေါ်ရှိ အာလမ်ကျေးရွာတွင် အောက်တိုဘာလဆန်းကတည်းက ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ ယမန်နေ့အထိ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။


အင်အား ၁၀ဦးထက်မနည်းသည့် စစ်ကောင်စီတပ်သားများမှာ အာလမ်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလဆန်းကတည်းက ရောက်ရှိလာခြင်းဖြစ်ပြီး၊ ယမန်နေ့အထိ ရက်ပေါင်း၁၀ရက်ကျော် ရှိလာပြီဟုဆိုသည်။


“အောက်တိုဘာလဆန်းလောက်ကဖြစ်မယ်။ စစ်သား ၁၀ယောက်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကားနဲ့ လာချသွားတယ်။ အတိအကျတော့ မသိရဘူး။ အခုလောက်ဆို ၁၀ရက်ကျော်လာပြီလေ။ ခုချိန်ထိ ရှိနေသေးတယ်လို့တော့ ပြောတယ်။ ကျနော်တော့ မတွေ့ခဲ့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။




စစ်တပ်က ကားလမ်းဘေးရှိ အချို့နေအိမ်များနှင့် တိုက်နယ်ဆေးပေးခန်းနေရာများတွင် ဝင်ရောက်နေထိုင်ပြီး၊ ယမန်နေ့အထိ ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးသောကြောင့် ဒေသခံများမှာ သွားသတိလာသတိ ရှိနေသည်ဟု ဆိုသည်။


“အခုထိ စစ်သားတွေ ရှိနေသေးတယ်လို့တော့ ပြောတယ်။ အစတုန်းကတော့ ကြောက်လို့ အာလမ်ရွာကိုတောင် မသွားရဲဘူး။ ဒါပေမယ့် ရှေ့အပတ်ကပဲ အဲဒီရွာကို ဖြတ်သေးတယ်။ တားဆီးစစ်ဆေးတာတွေတော့ မရှိဘူး။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း နောင်နန်းတိုက်နယ်အတွင်း စစ်ဝတ်စုံအပြည့်ဖြင့် သွားလာလှုပ်ရှားမှုများ ရှိခဲ့သလို၊ မြစ်ဆုံသွားလမ်းမပေါ်ရှိ လမုန်ဇွပ်တံတားအနီးတွင် ဂိတ်ထိုင်ကာဖြတ်သွားဖြတ်လာလုပ်သည့် ပြည်သူများကို တားဆီးစစ်ဆေးပြီး ငွေကြေးတောင်းဆိုမှုများရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာ၇ရက်နေ့တွင်လည်း မြစ်ကြီးနား-မြစ်ဆုံသွား လမ်းမပေါ်တွင် စစ်အင်အားအလုံးအရင်းဖြင့် မြစ်ဆုံသို့ အတက်အဆင်းပြုလုပ်ကာ သွားလာလှုပ်ရှားမှုများ ရှိခဲ့သည်ဟု ဆိုသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page