top of page

မှော်စီဇာ(သာယာကုန်း) အနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်များက (၆၀)မမလက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲလည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • Jun 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဇွန်လ၊၂၀၂၅။

ဖားကန့်မြို့နယ်၊ လုံးခင်း၊ မှော်စီဇာ(သာယာကုန်း) အနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်များက (၆၀)မမလက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲလည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။


“ရွာထဲနဲ့ သာယာကုန်းပေါ်မှာ လက်နက်ကြီးနဲ့ ထုနေတာ အဲ့ဘက်ပြည်သူတွေလည်း ရှိနေသေးတာကို စစ်ကောင်စီတွေက ရမ်းသမ်းပစ်နေတာ”ဟု ပြောသည်။


မှော်စီဇာအနီးဝန်းကျင်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်မှစပြီး စစ်ကြောင်းလှုပ်ရှားနေခြင်းဖြစ်ပြီး၊ နေ့လည် ၁၂ နာရီအချိန်ထိ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ယခု သတင်းရေးသားနေချိန် နေ့လည် ၂ နာရီဝန်းကျင်အထိလည်း စစ်ကြောင်းများရှိနေသေးပြီး၊ စောင့်ကြည့်နေရဆဲ ဖြစ်သည်။


စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းများမှာ လုံးခင်းလမ်းအတိုင်း ဆက်လက်ရှိနေသေးသောကြောင့် ဒေသခံများက လုံးခင်းအပြင် မှော်စီဇာ၊ ကုဋေနှင့် နန့်မဖြစ်လမ်းများတွင် အသွားအလာ သတိထားစောင့်ကြည့်ပြီး သွားလာရမည်ဟု ဆိုသည်။


စစ်ကောင်စီတပ်များသည် ဖားကန့်မြို့နယ်တွင်း စစ်ကြောင်းဝင်ရောက်လှုပ်ရှားလာပြီးနောက် ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်သွားကြသလို တစ်ချို့မှာလည်း ‌ဒေသတွင်းမှာသာ နေထိုင်နေကြဆဲဖြစ်ကာ စစ်တပ်ကလည်း အရပ်သားပြည်သူများ နေထိုင်သည့်နေရာများနှင့် ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်လာကြောင်း ဆက်ပြောသည်။


ထို့အပြင် ဇွန်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ရှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှု (၁၁)ကြိမ် ပြုလုပ်ခဲ့ကြောင်း Kachin Human Rights Watch-KHRW က ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page