top of page

မံစီမြို့ကိုလက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် စစ်ကောင်စီမှ ဖားကန့်ဒေသရှိ KIA အမှတ်(၉)တပ်မဟာပိုင်နက် ဘက်သို့လေကြောင်းတိုက်ခိုက်မှုပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Jan 9, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၉ရက်၊ဇန္နဝါရီ၊၂၀၂၅။



KIA အမှတ်(၉)တပ်မဟာ၊တပ်ရင်း(၆)နယ်မြေတွင် ယမန်နေ့ည ၁၀နာရီ၄၀မိနစ်အချိန်ခန့်က စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် လေယာဉ်ဗုံး ၂လုံးထက်မနည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။


ပြီးခဲ့သည့် ဇန္နဝါရီ၆ရက်နေ့တွင်လည်း အမှတ်(၉) တပ်မဟာ၊ အမှတ်(၂၆)တပ်ရင်းပိုင်နက် ဆယ်ဇင်းဒေသတွင် ရှမ်းနီပြည်သူ့စစ်(SNA) ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်ချီတက်လာသောကြောင့် KIA တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


ယင်းနောက်ပိုင်းတွင် ဖားကန့်ဒေသ KIA အမှတ်(၉)တပ်မဟာပိုင်နက်အတွင်း ညအချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ကြောင်းနှင့် ယမန်နေ့မှာတော့ လေယာဉ်ဗုံး၂လုံး လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။



ယမန်နေ့က Y-12 လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုတွင် အသက်၄၀အရွယ်ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦး ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိကာ အသက်သေဆုံးခဲ့ရကြောင်း သိရှိရသော်လည်း ပါဂျောင်မီဒီယာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်ချို့ လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထပ်မံသိရသည်။


ယမန်နေ့ မနက် ၁၁နာရီအချိန်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIAပူးပေါင်းတပ်ဖွဲ့များက အပြီးတိုင်တိုက်ခိုက်ခဲ့ပြီးနောက် ဖားကန့်ဒေသရှိ အမှတ်(၉)တပ်မဟာပိုင်နက်အတွင်း လေယာဉ်ဗုံးနှစ်လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page