top of page

မံစီမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန်အခက်အခဲကြုံနေ

  • Writer: Pajau Media
    Pajau Media
  • 24 hours ago
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ မံစီမြို့နယ်၊မန်ဝိန်းကြီး၊ နမ့်ခမ်းနှင့် အင်ဘာပါစသည့် ဒေသများတွင် ဆေးဝါးသယ်ယူရေးခက်ခဲမှုနှင့် ဆေးဝါးရှားပါးမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၅နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန် ခက်ခဲနေကြပြီး အခြားမြို့သို့ သွားရောက်ထိုးနှံရာမှာလည်း အခက်အခဲရှိနေကြောင်း သိရသည်။


“ကျနော်တို့ဆီမှာ ကာကွယ်ဆေးမထိုးပေးတော့ မူဆယ်မြို့ကို သွားထိုးယူရတယ်လေ။ တစ်ချို့မိခင်တွေက အရမ်းခက်ခဲတဲ့ကြားကနေ လာခဲ့ရတာ။ ဆေးမထိုးလိုက်ရဘူးတဲ့။ တုံကင်ကြိုတင်ဝယ်ထားတဲ့သူတွေပဲ ထိုးရတယ်။ မဝယ်ပဲ သွားထိုးတဲ့သူတွေက ဘယ်လောက်စောစော သွားတန်းစီလဲ မထိုးရဘူး” ဟု မန်ဝိန်းကြီးမြို့ခံတစ်ဦးက ပြောသည်။


ကာကွယ်ဆေးထိုးရန် ကြိုတင်တုံကင် ဝယ်ယူထားသူများသာထိုးရပြီး၊ ကြိုတင်မဝယ်ထားသူများမှာ ငွေကြေးနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ကြားမှ အကုန်အကျခံ သွားရောက်ခဲ့သော်လည်း ကာကွယ်ဆေးမထိုးရဘဲ ပြန်လာခဲ့ရသည်ဟု ဆိုသည်။


ကာကွယ်ဆေးမှာ အခမဲ့ထိုးပေးခြင်းဖြစ်ပေမယ့် ကြိုတင်တုံကင် ဝယ်ယူသူများကြောင့် ဆေးမထိုးရကြောင်းလည်း အထက်ပါက မြို့ခံကဆက်ပြောသည်။


“တချို့က မနက်သုံးနာရီလောက်ကတည်းက သွားတန်းစီတယ်၊ မထိုးရဘူး။ တုံကင်ပြား သွားတန်းစီ ယူထားတဲ့သူတွေလည်း ဆေးမထိုးရတာရှိတယ်။ အဲ့ကြောင့် နောက်လမှ ပြန်လာခိုင်းတယ်။ အခက်အခဲကြားက သွားတာလဲ မထိုးရဘူး” ဟု ပြောသည်။


အဆိုပါဒေသခံများမှာ ၂၀၂၄ခုနှစ်မှစပြီး စစ်ပွဲကြောင့် ကာကွယ်ဆေးကို မူဆယ်မြို့သို့သာ သွားရောက်ထိုးနှံကြရပြီး၊ ပြီးခဲ့သည့် မေလ၂၂ရက်နေ့တွင်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ ကာကွယ်ဆေးသွားရောက် ထိုးနှံကြသည်ဟု ဆိုသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page