top of page

မြစ်ရေပြန်လည်ကျဆင်းသွားသော်လည်း ရပ်ကွက်တစ်ချို့တွင် ရေများကျန်ရှိနေဆဲဖြစ်ပြီး အကူညီများလိုအပ်လျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jul 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ရက်နေ့ကတည်းက မြေနိမ့်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ စတင်ဝင်ရောက်လာခဲ့ပြီး၊ ဇူလှိုင်လ ၃ရက်နေ့ကစ၍ ရေပြန်ကျခဲ့ပေမယ့် ၅ရက်မြောက်နေ့ဖြစ်သည့် ယနေ့အချိန်အထိ အချို့ရပ်ကွက်များတွင် နုန်းမြေနှင့်ရေဝပ်နေသေးသည့်အပြင် သန့်ရှင်းရေးပင်ပြုလုပ်၍ မပြီးနိုင်သေးကြောင်း သိရသည်။


ရေဝင်ရောက်ခဲ့သည့် နေရာများတွင် အမှိုက်များစွာ ကျန်ရှိနေပြီး၊ အနံ့အသက်ဆိုးများလည်း ကျန်ရှိနေသေးသည်။ ထို့အပြင် ရေဝပ်နေသေးသည့် နေရာများတွင် မီးမပေးသေးသည့်အပြင် မြစ်ကြီးနားမြို့တွင်း စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် မီးစက်နိုး၍ သန့်ရှင်းရေးပြုလုပ်ရန်လည်း ခက်ခဲနေသည်ဟု မြို့ခံများက ပြောသည်။


အလားတူ မီးမရရှိသေးသောကြောင့် သောက်သုံးရေသန့် အခက်အခဲရှိနေပြီး၊ အနံ့အသက်ဆိုးများ ပြင်းထန်စွာကျန်ရှိကာ နောက်ဆက်တွဲမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဖျားနာခြင်းနှင့် ဝဲ၊ ယားနာစသည့် အရေပြားပြဿနာများလည်း ကြုံတွေ့လာရပြီး မြစ်ကြီးနားဒေသခံများမှာ တစ်ပူပေါ်တစ်ပူဆင့် ဒုက္ခကြုံတွေ့နေကြရသည်။


ဝိုင်းဝန်းကူညီပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့အချို့ ရှိနေပေမယ့် အချို့ရပ်ကွက်များတွင် သောက်သုံးရေသန့် ခက်ခဲသည့်အပြင် ရေဘေးဒုက္ခသည်များအတွက် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက် ရှိနေသေးကြောင်း ထပ်မံသိရသည်။


မြစ်ကြီးနားမြို့ပေါ်ရှိ စံပြရပ်ကွက်၊ ဧဒင်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့် ဂျန်မိုင်ကောင့်ရပ်ကွက် စသည့်ရပ်ကွက်များမှအပ ကျန်ရပ်ကွက်အများစုတွင် ရေကြီးရေလျှံမှုဖြစ်ကာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ခြင်း ဖြစ်သည်။


ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်အရ ဇူလှိုင်လ၈ရက်နေ့မှ ၁၃ရက်နေ့အတွင်း ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်ဒေသများတွင် မိုးများစွာရွာသွန်းနိုင်ပြီး မေခ-မလိခ မြစ်ကြောတစ်လျှောက် မိုးကြီးနိုင်သဖြင့် ဧရာဝတီမြစ်ရေ အရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်ပြီး၊ တောင်ပြိုခြင်း၊ မြစ်ရေကြီးခြင်း စသည့်အန္တရာယ်များ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page