မိုးညှင်းတွင် ပုပ်ပွနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
- Pajau Media

- Apr 19, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဆယ်မိုင်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၈ရက်နေ့ ညနေ၂နာရီအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး၏ ပုပ်ပွနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မေတ္တာလေညှင်း ပရဟိတအသင်းထံမှ သိရသည်။
"သူက အိမ်ကနေပျောက်သွားတာ ရက်ပေါင်း၂၀လောက်ရှိပြီလို့ သူ့အိမ်ကပြောတယ်။ အိမ်သားတွေ လိုက်ရှာတာလည်း ရှာလို့မတွေ့ဘူးပြောတယ်။ အိမ်ကနေအမြဲတမ်း အဲ့လိုလျှောက်သွားတတ်တယ်သူက။ သေတာဆယ်ရက်ကျော်တော့ ရှိလောက်ပြီလို့ ဆရာဝန်တွေက ခန့်မှန်းထားတာဟုတ်တယ်။ အလောင်းကပုပ်နေပြီဆိုတော့ ဘာလို့သေလဲ မသိနိုင်တော့ဘူး။" ဟု မေတ္တာလေညှင်း လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၅၇နှစ်အရွယ် ဒေါ်ဆောင်မျော်ဆိုသူ ဖြစ်ပြီး အမြဲလိုလို နေအိမ်မှ လျှောက်သွားတတ်သူဖြစ်ကာ၊ ပျောက်ဆုံးပြီး ရက်ပေါင်း၂၀အကြာမှ ပုပ်ပွနေသည့်ရုပ်အလောင်းဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယင်းအမျိုးသမီးသည် စိတ်ဝေဒနာခံစားရသူဖြစ်ပြီး သေဆုံးသွားသည့် အကြောင်းအရင်းကိုတော့ မသိရှိရသေးဘူးဟု မေတ္တာလေညှင်း လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင်လည်း မိုးညှင်းမြို့၊ ဟဲလုံကျေးရွာရှိ ယာခင်းတောနေရာတွင် အောင်ချမ်းသာရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
သတင်း - ကချင်ပြည်သား




Comments