မိုးညှင်းတွင် လုံခြုံရေးကြောင့် ယခုနှစ်သင်္ကြန် ပွဲတော်ကို ဗဟိုမဏ္ဍပ်ဆောက်ကာ မကျင်းပနိုင်
- Pajau Media

- Apr 14, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် စစ်ကောင်စီမှ လုံခြုံရေးမယူတာကြောင့် ယခုနှစ် မဟာသင်္ကြန်ပွဲတော်၏ ဗဟိုမဏ္ဍပ် မပြုလုပ်ရဲခြင်း ဖြစ်သည်ဟု မိုးညှင်းမြို့ခံများက ပြောသည် ။
"မနှစ်ကဆို မြို့မိ မြို့ဖတွေကို ထွေအုပ်က ဖိတ်စာနဲ့ဖိတ်ပြီးကို မဏ္ဍပ်ဆောက်ဖို့ ဆွေးနွေးကြတယ်။ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေကလဲ တဖြေးဖြေးနဲ့ဆိုးလာတာမို့ သင်္ကြန်ရေကစားမဏ္ဍပ်လဲမဆောက်ကြတော့ဘူး။ ဒီနေ့အကြိုနေ့မှာ ကလေးငယ်လေးတွေကလွဲပြီး ရေကစားတဲ့သူမရှိကြဘူး။တမြို့လုံးလဲ ခြောက်ကပ်လို့ပါ့။" ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ နေ့လယ် ၁နာရီနှင့် ည၈နာရီကျော်တွင်လည်း မိုးညှင်းမြို့တွင်း လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။
ယမန်နှစ်တွင် မိုးညှင်းမြို့၏ ဗဟိုမဏ္ဍပ်ကို အထွေထွေအုပ်ချုပ်ရေး စုပေါင်းရုံးအရှေ့မှာဆောက်လုပ်ကာ ရေကစားကြပြီး ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် တပ်မိသားစုများအား မဖြစ်မနေ တက်ရောက်ခိုင်း ကြောင်း မြို့ခံများက ပြောပါသည်။
မိုးညှင်းဒေသခံများမှာ ယခုနှစ် သင်္ကြန်ပွဲတော်အတွင်း ပြည်သူ့စစ်စုဆောင်းရေး လုပ်မည်ဟု သတင်းထွက်သောကြောင့် ကြောက်ရွံ့ကာ မကျင်းပခြင်းဖြစ်သည့်အပြင် အုပ်ချုပ်ရေးမှူးများထံလည်း စစ်မှုထမ်းရန် နာမည်စာရင်းများ ရောက်ရှိနေပြီးဖြစ်သည်ဟု ဆိုသည်။
ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ လမ်းပေါ်ထွက်သော လူငယ်များကို စစ်မှုထမ်းခေါ်ယူရန် ခွင့်ပြုထားပြီး၊ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်း၌လည်း ဟဲလုံရှမ်းရွာမှ လူငယ်၇ဦး ဖမ်းဆီးခံခဲ့ရကာ၊ တစ်ဦးလျှင် ငွေသားသိန်း၃၀စီဖြင့် ပြန်ရွေးယူခဲ့ရခြင်း ဖြစ်သည်။
ဧပြီလ ၁၁ရက်နေ့ မှာ ရှမ်းနီပြည်သူ့စစ်ဥက္ကဌအိမ် လက်လုပ်မိုင်းပစ်ခံရပြီး ဧပြီလ ၁၂ ရက်နေ့က ကတ်သလင်းဘုရားကျောင်းက ဖာသာတစ်ဦးကိုသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
သတင်း - ကချင်ပြည်သား




Comments