top of page

မိုးညှင်းမြို့၊ဆယ်မိုင်ရွာသစ် ဆည်ကြီးတွင် ဓာတ်ပုံရိုက်ရာမှ ခြေချော်ကျကာ မိန်းကလေးတစ်ဦး ရေနစ်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Mar 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊မတ်လ၊၂၀၂၅။




မိုးညှင်းမြို့ ဆယ်မိုင်ရွာသစ်ကျေးရွာတွင် ယမန်နေ့ မတ်လ၂၅ရက် နေ့လည် ၁နာရီ၃၀မိနစ်အချိန်၌ ဆည်ကြီးတွင် ဓါတ်ပုံရိုက်ရင်း ခြေချော်ကျသွားသည့် အသက်၁၉နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။


"ကျမတို့က အိမ်ပြန်မယ်ဆိုပြီး ဆည်ကနေ ထွက်လာကြပြီးပြီ။ သူငယ်ချင်းက ဓါတ်ပုံရိုက်ချင်သေးတယ်ပြောလို့ ဆည်ကိုပြန်လာပြီး ဓါတ်ပုံရိုက်ကြတာ။ ဆည်က ရေစီးကျတဲ့နေရာမှာ ရေညှိတွေနဲ့ချောနေတော့ သူငယ်ချင်းက ခြေချော်ပြီး ပြုတ်ကျသွားတာ၊ သူကရေမကူးတတ်တော့ ရေနစ်သွားတယ်။” ဟု အသက်ရှင်ကျန်ရစ်ခဲ့သူ သူငယ်ချင်းတစ်ဦးက ပြောသည်။


သေဆုံးသွားသူမိန်းကလေးမှာ စစ်ကိုင်းတိုင်းအစပ် နန့်စီးအောင် မြိုင်သာယာကျေးရွာမှဖြစ်ပြီး၊ သူငယ်ချင်းနှစ်ယောက်နှင့်အတူ ဆယ်မိုင်ရွာသစ်က ဆည်ကြီးတွင် ဓါတ်ပုံရိုက်ရင်း ခြေချော်ကျကာ ရေနစ်သေဆုံးသွားခြင်း ဖြစ်သည်။


“သွားဆင်းကယ်တဲ့ ကျမနဲ့ ကျမသူငယ်ချင်းတစ်ယောက်လဲ ရေထပ်နစ်တယ်၊ ကျမက ရေကူးတတ်တော့ ကမ်းကိုပြန်ကပ်ပြီး ရွာကိုအကူအညီတောင်းတာ့မှ သွားကယ်တဲ့တစ်ယာက်က အသက်ရှင်တာ။ ရေထဲကျသွားတာ့ ရေအောက်က တခုခုဆွဲနေသလိုမျိုး တော်တော်ဆွဲတယ် ဂလို‌င်ဖြစ်နေတဲ့ တစ်ချို့နေရာတွေမှာ ရေက တော်တော်နက်တယ်"ဟု အထက်ပါ မိန်းကလေးက ဆက်ပြောသည်။


ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆိုပါမိန်းကလေးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို မိုးညှင်းရဲစခန်းမှ သေမှု၊သေခင်းအမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


သေဆုံးသွားသည့် မိန်းကလေးမှာ သူမ၏ချစ်သူက တောင်းရမ်းထားပြီး ဧပြီလတွင် မင်္ဂလာဆောင်တော့မည့် သတိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် အဆိုပါဆည်တွင် ယခင်နှစ်ကလည်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ဖူးသည်ဟု ဆိုသည်။


ဆယ်မိုင်ရွာသစ်ရှိ ဆည်ကြီးမှာ နှစ်စဉ် ရေနစ်သေဆုံးမှုရှိနေသောကြောင့် သတိပေးဆိုင်းဘုတ်ကပ်ရန် လိုအပ်နေကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page