top of page

မိုးညှင်းမြို့တွင် စက်သုံးဆီတင်ဆောင်လာသည့်ယာဉ်များကို လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)မှ ဖမ်းဆီးအရေးယူနေ

  • Writer: Pajau Media
    Pajau Media
  • Dec 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှ လဝကရုံးအရှေ့တွင် စက်သုံးဆီတင်ဆောင်လာသည့် ကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပြီး၊ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ရက်နေ့ ညနေ၆နာရီတွင်လည်း စက်သုံးဆီနှင့် ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့ကြောင်း မိုးညှင်းမြို့မှ ရှေ့နေတစ်ဦးက ပြောသည်။


ဖမ်းဆီးခံရသည့်ယာဉ်များမှာ ဆိုင်ကယ်အစီးရေ (၁၅)စီး၊ ကား၂စီးဖြစ်ပြီး ယာဉ်မောင်းဆယ်ဦးကျော်နှင့် သိမ်းဆည်းခံရသည့် ပစ္စည်းတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ၃၈သိန်းခန့် ဖြစ်နိုင်သည်ဟု ဖမ်းဆီးခံရသူများက ပြောသည်။


ဒေသခံများ ပြောပြချက်အရ လဝကရုံးရှေ့ ဖမ်းဆီးအရေးယူသူများထဲတွင် လဝကတာဝန်ရှိသူများ အပါအဝင် ရေနံဦးစီးရုံးမှ တာဝန်ရှိသူများ၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေတိုင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်များ စုပေါင်းပါဝင်နေပြီး ဖမ်းဆီးထားသည့် ကား၊ ဆိုင်ကယ်နှင့် စက်သုံးဆီများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းထားကြောင်း သိရသည်။



ထိုအပြင် ယာဉ်မောင်းများကိုလည်း မိုးညှင်းမြို့မရဲစခန်းတွင် ရေနံဥပဒေဖြင့် တရားစွဲဆို အရေးယူထားကြောင်း၊ ရေနံဦးစီးရုံးနှင့် နီးစပ်သူတစ်ဦး၏ပြောပြချက်အရ ရေနံဥပဒေအရ တရားစွဲဆိုရာတွင် ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်ကို ကျပ်(၃)သိန်းမှ ငွေကျပ်သိန်း(၅၀)အထိ ဒဏ်ငွေပေးဆောင်ရနိုင်ကြောင်းသိရသည်။


ဒေသခံများမှာ စားဝတ်နေရေးအတွက် ဆိုင်ကယ်တစ်စီးလျှင် စက်သုံးဆီတစ်ပေပါနှုန်းဖြင့် သယ်ယူပို့ဆောင်ကာ လုပ်ကိုင်စားသောက်ကြသော်လည်း ယခုကဲ့သို့တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူမှုကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page