top of page

မိုးညှင်းမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား စစ်ရေးတင်းမာလာ

  • Writer: Pajau Media
    Pajau Media
  • Apr 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ် မိုးညှင်းမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေးတင်းမာလာသောကြောင့် ဒေသခံအချို့ ဖမ်းဆီးခံရပြီး၊ အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့တွင် ဖားကန့်သို့ စစ်ကူသွားမည့် အင်အား၂၀၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ဟိုပင်မြို့အထွက် မြို့ဦးစေတီအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ SNA ဗိုလ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဟိုပင်မြို့အခြေစိုက် တပ်ရင်း (၄၀) မှ ပစ်ကူသော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၄ဦးထိခိုက်ကာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


 "မနေ့က မနက်ဆယ်နာရီလောက်မှာ မိုးညှင်းကထွက်လာတဲ့ သံချပ်ကာ၃စီးနဲ့ စစ်တပ်အင်အား၂၀၀ခန့်ကို ဟိုပင်နန့်ရင်းရွာ အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူနေတယ်၊ ဒါကြောင့်အရပ်သားတွေထိကုန်တာ၊ ခုလောလောဆယ် တိုက်ပွဲဖြစ်တဲ့ နီးစပ်ရာရွာက လူတွေက အကုန်ရှောင်နေကြတယ်"ဟု ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ယမန်နေ့က ဖြေကြားခဲ့သည်။


 ယင်းစစ်ကြောင်းသည် ဖားကန့်သို့ စစ်ကူသွားမည့် စစ်ကြောင်းဖြစ်ကာ ၎င်းတို့ဖက်မှ အထိအခိုက်များသောကြောင့် ဟိုပင်တပ်ရင်း(၄၀) မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သည်ဟု ဆိုသည်။


အလားတူ ဧပြီလ၁ရက်နေ့ နေ့လည် ၁၂နာရီခန့်တွင်လည်း မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသော အမြောက်တပ်မှ အရှေ့တောင်ဖက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု မိုးညှင်းမြို့ခံများက ပြောသည်။


မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဆားမှော်ကျေးရွာမှ အုပ်ချုပ်ရေးမှူးအား လူတစ်စုမှ ဖမ်းဆီးသွားပြီးနောက် အရပ်သားများကို အိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်လာကာ ဒေသခံများလည်း တိမ်းရှောင်နေရပြီး စစ်ရေးတင်းမာမှု အခြေအနေများ ရှိနေသည်ဟု ဆိုသည်။


သတင်း- ကချင်ပြည်သား

Comments


Pajau Media

Thanks for subscribing!

bottom of page