top of page

မိုးညှင်းမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Jan 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။




မိုးညှင်းမြို့၊ တက္ကသိုလ်ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သောကြောင့် လူနေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲသဖြင့် အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကချင်လွှတ်လပ်ရေးနေ့အပြီး ဇန္နဝါရီ ၁၁ရက် နေ့လည်၁၁နာရီအချိန်ခန့်တွင် စစ်ရှောင်မိသားစုများ စုပေါင်းနေထိုင်သည့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။


"ကလေးရဲ့အဖွားက နန့်မွန်းကနေ စစ်ရှောင်ပြီး အာလဝီကုန်းမှာ အိမ်ငှားနေတာ၊ အဲ့ဒီအိမ်မှာ စစ်ရှောင်မိသားစုတွေချည်း စုငှားပြီးနေကြတာ၊ မိဘတွေနဲ့အတူ ဟိုပင်ကနေ အဖွားဆီကို အလည်လာကြတဲ့အချိန်မှာ အိမ်ပေါ်ကိုလက်နက်ကြီးကျလို့ ဒါဏ်ရာရသွားတာ၊ လက်နက်ကြီးက တချက်ဘဲ ပစ်တာ အိမ်ပေါ်ကိုကျတာဘဲ၊ အိမ်ကလဲ ကားလမ်းဘေးမှာဘဲ၊ အိမ်ထဲမှာ နေနေကြတဲ့သူတွေက အားလုံးဆယ် ယောက်ကျော်တယ်၊ ကံကောင်းလို့ ဘာမှမဖြစ်ကြတာ" ဟု ကလေးငယ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။


စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ (၆၀)မမ ဖြစ်ပြီး၊ ကျည်စများကို ယင်းနေ့ နေ့လည် ၂နာရီချိန်တွင် စစ်တပ်မှ လာ‌ရောက်သိမ်းယူသွားသည်ဟု ဆိုသည်။


မိုးညှင်းမြို့တွင် ကချင်လွှတ်လပ်ရေးနေ့မတိုင်မှီ ပြီးခဲ့သည့် ဇန္နဝါရီ၂ရက်နေ့ကတည်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများထံမှ ထပ်မံသိရသည်။


လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် နေအိမ်မှမိသားစုများမှာ စိုးရိမ်ကာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး၊ ပြီးခဲ့သည့်အပတ်တွင်လည်း ထန်းတပင်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီမှ ထောင်ထားသည့် မြေမြုပ်မိုင်းနှင်းမိသောကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page