top of page

မိုးညှင်းမြို့တွင် စစ်မှုထမ်းဆင့်ခေါ်ရန် အစည်း အဝေးပြုလုပ်သော ရပ်ကွက်ရုံး ဗုံးပစ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Mar 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စစ်မှုထမ်းဆင့်ခေါ်ရန် အစည်းအဝေးပြုလုပ်ခဲ့သော နားခါရပ်ကွက် အုပ်ချုပ်ရေးရုံးကို ယမန်နေ့ မတ်လ၂၁ရက်နေ့ ည၈နာရီ ၂၀မိနစ်ခန့်တွင် အမည်မသိအဖွဲ့မှ ဗုံးပစ်သွားခဲ့သည်ဟု မိုးညှင်းမြို့နေပြည်သူများက ပြောသည်။


"လေတွေတိုက်ပြီး မိုးစရွာခါစအချိန်လေးမှာ ဒုန်းကနဲအသံကြားလိုက်တယ်၊ ပထမတော့ မိုးကြိုးပစ်တယ် ထင်နေတာ၊ ရပ်ကွက်ရုံးဗုံးပစ်ခံရတယ်ဆိုပြီး ပြောလာကြတယ်၊ လူထိခိုက်တာတော့မရှိဘူး၊ ရုံးအုတ်တံတိုင်းတော့ အက်သွားတယ်၊ ဒီမနက်တော့ သွားကြည့်ခဲ့တယ်၊ နားခါရပ်ကွက်ရုံးမှာ ဘယ်သူမှမရှိဘူး" ဟု မျက်မြင်တစ်ဦးက ပြောသည်။


ရပ်ကွက်ရုံး ဗုံးပစ်ခံရမှုမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သည်ကို မသိရှိသော်လည်း အများစုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)၏ လက်ချက်ဖြစ်နိုင်သည်ဟု ပြောသည်။


နောက်ထပ်ဒေသခံတစ်ဦးကလည်း "တချို့ရပ်ကွက်တွေမှာ ပြည်သူ့စစ်တွေက အရပ်ဝတ်နဲ့ပတ်ပြီး လူဆွဲတာတွေ ခဏခဏကြားလာရတယ်၊ စစ်မှုထမ်းဆင့်ခေါ်စာ မချပေးရဲတဲ့ ရပ်ကွက်တွေမှာ ပိုဆွဲတယ်လို့ကြားတယ်၊ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အုပ်ချုပ်ရေးမှူးတွေကို သတိထားနေဖို့ သတိပေးတာမျိုး ဖြစ်နိုင်တယ်" ဟု ပြောသည်။


ပြီးခဲ့သည့် မတ်လ၁၉ရက်နေ့တွင် စစ်ကောင်စီမှ ဘီလူးမြို့အတွက် စစ်မှုထမ်းရန် လူငယ်နှစ်ဦး ခွဲတမ်းကျကြောင်း အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထုတ်ပြန်လာပြီးနောက်၊ အသက်၂၅နှစ်အရွယ်ရှိ လူငယ်တစ်ဦးမှာ မိမိဆန္ဒသဘောအရ စစ်မှုထမ်းရန် စာရင်းလာပေးသွားခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


"စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဘီလူးမြို့က လူငယ်နှစ်ဦး တောင်းလာတယ် ၊အုပ်ချုပ်ရေးမှူးက စာထုတ်တဲ့အချိန်မှာ လူငယ်တစ်ဦးဘဲ သူ့သဘောနဲ့သူစစ်မှုထမ်းဖို့ စာရင်းလာပေးတယ်၊ နောက်တစ်ဦးက ရှာမရဘူး၊ အုပ်ချုပ်ရေးမှူးကလဲ မဲနှိုက်ခိုင်းဖို့ မလုပ်ရဲဘူး” ဟု အထက်ပါ ရပ်မိရပ်ဖတစ်ဦးက ဖြေကြားခဲ့သည်။


မိုးညှင်းမြို့ရှိ ရပ်ကွက်အချို့များတွင် မတ်လ၁၇ရက်နေ့မှစ၍ စစ်မှုထမ်းဆင့်ခေါ်ရန် စစ်ကောင်စီမှ ညွှန်ကြားထားပြီးဖြစ်သည့်အပြင်၊ ဘီလူးမြို့တွင်လည်း သရက်ကုန်း၊ ရွှေကျင်ကုန်း၊ မြသီတာ၊ မြို့ဟောင်း၊ အုန်းစံဆိုင်၊ သာယာကုန်း ၊ကံသာကုန်းနှင့် စုစည်းရပ်ကွက်များ ဟူ၍ ရပ်ကွက်ပေါင်း (၈)ရပ်ကွက်ရှိပြီး အသက်၁၈နှစ်အထက် အမျိုးသားဦးရေ စုစုပေါင်းမှာ (၂,၇၅၈) ဦးရှိကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား

Comments


Pajau Media

Thanks for subscribing!

bottom of page