မိုးညှင်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ
- Pajau Media

- Feb 12, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယမန့်နေ့ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ သေ နတ်ပစ်ဖောက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် လူနေအိမ်ပေါ်သို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲလာမည်ကို စိုးရိမ်နေကြကြောင်း မြို့ခံများက ပြောသည်။
"ညနေ ခြောက်နာရီကျော်လောက်မှာ အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ နှစ်ချက်ထုတယ်၊ ၇နာရီကျော်လောက်ကျတော့ ထန်းတပင်ရွာဖက်ကနေ သေနတ်ပစ်ဖောက်သံက ဆက်တိုက် ကြားရပြန်တယ်၊ ကြားရသလောက်ဆို အချက်၃၀လောက်ဖြစ်မယ်၊ ခဏပြန်ငြိမ်သွားပြီး ၈နာရီခွဲလောက်ကနေ လက်နက်ကြီးထုတာ၊ နားလိုက်ထုလိုက်နဲ့ မနက်လေးနာရီကျော်မှ ရပ်သွားတယ်” ဟု အသက်၄၅နှစ်အရွယ် မြို့ခံတစ်ဦးကပြောသည်။
စစ်တပ်မှ ဆယ်မိုင်အမြှောက်တပ်၊ အင်းဖိုအင်းမအနီးတွင် ထိုင်ထားသည့် အမြှောက်တပ်နှင့် မိုးညှင်းတက္ကသိုလ်အတွင်းတွင် ထိုင်ထားသည့် အမြှောက်တပ်များမှ အရှေ့တောင်ဖက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။
"ဒုန်းဒုန်းဒိုင်းဒိုင်းသံတွေ ကြားတော့ ည၇နာရီလောက်ဆို လမ်းမှာလူတောင်မရှိတော့ဘူး၊ ကလေးနေမကောင်းလို့ ဆေးခန်းသွားပြတာတောင် ဘယ်ဆေးခန်းမှမဖွင့်တော့ဘူး၊ တမြို့လုံး တိတ်ဆိတ်သွားတယ်၊ သူတို့လက်နက်ကြီးရမ်းထုတာက လူနေအိမ်ပေါ်တွေကျပြီး လူတွေထိခိုက် ဒါဏ်ရာရတာမျိုးတွေရှိဖူးတော့ အသံကြားတာနဲ့ ငြိမ်သက်တိတ်ဆိတ်သွားတယ်" ဟု နောက်ထပ်အမျိုးသားတစ်ဦးကပြောသည်။
မိုးညှင်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကို နေ့စဉ်ရက်ဆက် ဆိုသလိုပြုလုပ်နေသောကြောင့် မြို့နေပြည်သူများ အထိတ်တလန့်ဖြစ်ကာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလာမည်ကို စိုးရိမ်နေကြောင်း ဆိုသည်။
မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်သောကြောင့် အိမ်စက်အနားယူနေသည့် အမျိုးသမီးအပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဘယ်လက်တစ်ဖက် ဖြတ်လိုက်ရသည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ဒေသခံများမှာ အလားတူ ဖြစ်စဉ်မျိုး ထပ်မံကျရောက်ပေါက်ကွဲလာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား




Comments