top of page

မိုးညှင်းမြို့တွင် တရားမဝင် မက်သဒုန်းဆေး တွင်ကျယ်စွာ ရောင်းဝယ် အသုံးပြုနေ

  • Writer: Pajau Media
    Pajau Media
  • Jan 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ဇန္နဝါရီ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် တရားမဝင် မက်သဒုန်းဆေး တစ်စက်လျှင် ကျပ်ငွေ ၅၀၀၀နှုန်းဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူများကြား အရောင်းအဝယ် စည်ကားလာနေသည်ဟု ဒေသခံများက ပြောသည်။


"မက်သဒုန်းဆေး ထုတ်စားတဲ့သူတွေက တရားဝင် ဆေးမထုတ်စားချင်တဲ့ သူတွေကို မိုးဒါးစုကျားဖြူကန်နားမှာ မက်သဒုန်း ရောင်းနေကြတယ်။ မက်သဒုန်းတစက်ကို ၅၀၀၀နဲ့ရောင်းပြီးရင် ဘိန်းဖြူပြန်ဝယ်သုံးကြတယ်၊ မက်သဒုန်းဝယ်သောက်တဲ့သူတွေက ပတ်ဝန်းကျင်သိမှာစိုးလို့ ဆေးရုံမှာ ဆေးမထုတ်စားချင်ကြတော့ တရားမဝင် ဝယ်သုံးကြတယ်။" ဟု မက်သဒုန်း ဝယ်သောက်နေသူ၏ အသိအမျိုးသားတစ်ဦးက ပြောသည်။




မက်သဒုန်းဆေးသည် မူးယစ်ဆေးဝါး သုံးစွဲပြီး ဆေးဖြတ်နေသူ အများစု ဝယ်ယူသုံးစွဲကြရသည်။


ထို့အပြင် မိုးညှင်းမြို့တွင် ကိုဗစ်ကာလအတွင်း၌ မိုးညှင်းမက်သဒုန်း တိုက်ကျွေးဌာနမှ မက်သဒုန်းကို တစ်လစာ၊ ဆယ့်ငါးရက်စာ စသည်ဖြင့် ရယူကြရပြီး၊ ယခုလက်ရှိချိန်တွင် မူးယစ်ဆေးသုံးစွဲသူများနှင့် ဆေးဖြတ်နေသူများအကြား တရားမဝင် မက်သဒုန်းဆေး ရောင်းဝယ်သုံးစွဲကြသည်မှာ ဈေးကွက်တစ်ခုအသွင် ဖြစ်လာနေပြီဟု မိုးညှင်းဒေသခံများမှ ပြောသည်။


 "မိုးဒါးစုကျားဖြူကန်နဘေးမှာဆိုရင် မနက်၁၀နာရီလောက်ဆို မက်သဒုန်း အရောင်းဝယ်လုပ်နေကြပြီ၊ မက်သဒုန်း ရောင်းတဲ့သူနဲ့ ဝယ်သောက်တဲ့သူက အချိတ်အဆက်ရှိထားပြီးသား ဟုတ်တယ်၊ သူတို့အချင်းချင်းကြားမှာ ရောင်းတယ်ဝယ်တယ်ဆိုတာ သတင်းဖြန့်ထားပြီးသားမို့ တရားဝင်ဆေး မထုတ်စားချင်တဲ့သူက အဲ့လိုမျိုး ဝယ်သောက်နေကြတယ်။" ဟု မိုးညှင်းမှ အမည်မဖော်လိုသူ ဆယ်အိမ်မှူးတစ်ဦးက ပြောသည်။


မက်သဒုန်း ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပတ်သတ်ပြီး သတင်းပျံနှံ့နေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း၊ တစ်စုံတစ်ရာ သတိပေးနိုးဆော်ခြင်းမျိုး မပြုလုပ်ကြဘူးဟု ဆိုသည်။


မိုးညှင်း‌ဆေးရုံ မက်သဒုန်းဌာနတွင် ယခင်က ဆာရာ(SARA) အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် မက်သဒုန်းဌာနအား မိုးညှင်းဆေးရုံမှ ဆက်လက်တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား



Comments


Pajau Media

Thanks for subscribing!

bottom of page