မိုးညှင်းမြို့တွင် လျှပ်စစ်ရုံးမှ မီတာမဆောင်သည့် အိမ်များအား ရဲနှင့်စစ်သားများခြံရံပြီး မီးဖြတ်တောက်ခြင်းပြုလုပ်နေ
- Pajau Media

- Feb 8, 2024
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် လျှပ်စစ်ရုံးမှ ဝန်ထမ်းများသည် ရဲနှင့်စစ်သားများ ခြံရံပြီး မီတာမဆောင်သည့် အိမ်များမှ လျှပ်စစ်မီးကြိုးများ ဆွဲ ဖြတ်ခြင်း၊ မီတာဘောက်မှ မီးကြိုးများဖြတ်ခြင်း ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
"သူတို့က မနက်9နာရီလောက် အိမ်ကိုရောက်လာကြတယ်၊ မီတာရုံးက လူသုံးယောက်ရယ် ရဲနှစ်ယောက်ရယ်၊ စစ်သားငါးယောက်ရယ် လာခဲ့ကြတာ၊ ဒီအိမ်က မီတာမဆောင်တာ တနှစ်ရှိပီ ဘာလို့မဆောင်တာလဲလို့မေးတယ် မီတာမဆောင်လို့မီးဖြတ်တယ် လို့ပြောလာပြီး မီတာဘောက်က မီးကြိုးကို ပလာယာနဲ့ညှပ်ဖြတ်သွားတယ်၊ ကျမတို့က မီတာလာဆောင်ပါမယ် မဖြတ်ပေးပါနဲ့လို့ပြောလိုက်တော့ ခုချက်ချင်းလာဆောင်ရင် ချက်ချင်း ပြန်မီးဆက်ပေးမယ်လို့ သူတို့ကပြောသွားတယ်၊ ရဲနဲ့စစ်သားတွေကလဲ သေနတ်ကြီး တကားကားနဲ့ဆိုတော့ ကျမတို့လဲကြောက်လို့ ဘာမှမပြောရဲတော့ဘူး ။"ဟု မြို့မရပ်ကွက်မှ မီးဖြတ်ခံရသည့် အမျိုးသမီးကပြောသည်။
ကိုဗစ်ကာလနှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်ရုံးမှ မီတာဖတ်ခြင်း၊ မီတာခ ကောက်ယူခြင်းများ ရပ်ဆိုင်းထားသောကြောင့် မြို့နေပြည်သူများက မီတာမဆောင်ဖြစ်ကြကြောင်း ပြောသည်။ မီတာဘောက်မှ သုံးစွဲထားသည့် ယူနစ်ပမာဏထက် ပိုမိုကောက်ခံနေကြောင်းလည်း သိရသည်။

"သူတို့က မီတာစာရွက်လဲ လာမပေးဘူး ၊မီတာလဲ လာမဖတ်ဘူးဆိုတော့ ကျွန်တော်တို့ကလဲ သွားမဆောင်ဖြစ်ဘူးပေါ့ ၊အခုကျမှ တနှစ်စာမဆောင်လို့ မီးဖြတ်တယ်၊ နှစ်နှစ်စာမဆောင်လို့ မီးဖြတ်တယ်ဆိုတော့ မီတာခက မတရားများသွားပီ ၊ ကျွန်တော်တို့အိမ်ဆို ငါးသိန်းကျော်ဆောင်ရတယ်၊ ငါးသိန်း ကျော်ကိုတဝက်ခွဲပြီး ဆောင်မယ်ဆိုတော့လဲ မရဘူးဆိုလို့ ဆိုင်ကယ်ပေါင်ပြီး သွားဆောင်လိုက်ရတယ်၊ သူတို့က တချို့ရပ်ကွက်တွေဖက်မှာတော့ မီတာမဆောင်ရင် မီးဖြတ်မယ်လို့ သုံးဘီးမှာ လှော်တပ်ပြီး လိုက်အော်တယ် ပြောတာဘဲ ကျွန်တော်တို့လဲ မကြားမိလိုက်ဘူးဆိုတော့ မဆောင်ဖြစ်ဘူး မီးလာဖြတ်မှ သိရတာ။” ဟု အောင်သပြေရပ်ကွက်မှ မီးဖြတ်ခံရသူကပြောသည်။
မီတာဆောင်ပြီး မီးကြိုးပြန်လည် တပ်ဆင်ပေးချိန်တွင်လည်း နောက်တစ်ခါ မီတာမဆောင်ရင် ဒီလိုပဲ မီးဖြတ်ခံရမယ်ဟု ပြောဆိုထားကြောင်းနှင့် မီးဖြတ်တောက်ရန် ရပ်ကွက်အတွင်း သွားလာစဉ် လက်နက်ကိုင်ဆောင်ထားသည့် ရဲနှင့်စစ်သားများ အမြဲလိုက်ပါလေ့ရှိကြောင်း မြို့ခံများထံမှသိရသည်။
သတင်း - ကချင်ပြည်သား




Comments