top of page

မိုးညှင်းမြို့တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ သင်တန်းနှင့် အစည်းအဝေးပြုလုပ်ပါက ထွေအုပ်ထံ ခွင့်ပြုချက်တောင်းဆိုရမည်ဟုထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Oct 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊အောက်တိုဘာ၊၂၀၂၄။




ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် (NGOs, INGOs, CSO) များမှ အစည်းအဝေးနှင့် သင်တန်းများ ပြုလုပ်ပါက အထွေထွေအုပ်ချုပ်ရေးရုံးတွင် ခွင့်ပြုချက်တောင်းယူပြီး၊ အဆိုပါ ခွင့်ပြုချက်ရမှသာလျှင် သင်တန်းနှင့် အစည်းအဝေးပြုလုပ်ခွင့်ရမည်ဟု ဟိုတယ်ပိုင်ရှင်နှင့် ခန်းမငှားရမ်းသည့် လုပ်ငန်းရှင်များအား ထွေအုပ်မှ ပြီးခဲ့သည့် အောက်တိုဘာ၄ရက်နေ့တွင် ခေါ်ယူပြောဆိုထားကြောင်း သိရသည်။


“မိုးညှင်းက ရှိသမျှ ဟိုတယ်ပိုင်ရှင်တွေကိုခေါ်ပြီး အစည်းအဝေး လုပ်တယ်။ ဟိုတယ်တွေမှာ လူစုပြီး သင်တန်းနဲ့ အစည်းအဝေးလုပ်မယ်ဆိုရင် ထွေအုပ်ရုံးရဲ့ ခွင့်ပြုချက် တောင်းရမယ်လို့ ပြောတယ်။ သူတို့ဆီက ခွင့်ပြုချက်ရမှဘဲ လုပ်ရမယ်လို့ ပြောတယ်။ အဖွဲ့အစည်းနာမည်၊ အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း၊ လက်ရှိ ဘာစီမံကိန်းတွေ လုပ်နေလဲကအစ အကြောင်းကြားရမယ်လို့ ပြောထားတယ်” ဟု ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။


မိုးညှင်းမြို့ရှိ ဟိုတယ်၊ ခန်းမနေရာများတွင် NGOs,INGOsနှင့်CSO အဖွဲ့အစည်းများ သင်တန်းပြုလုပ်ခြင်း သော်လည်းကောင်း၊ အစည်းအဝေးပြုလုပ်ခြင်း သော်လည်းကောင်း ငှားရမ်းလာသောအခါ အဖွဲ့အစည်း၏ အမည်၊ သမိုင်းကြောင်းနှင့် စီမံကိန်းများအားလုံးကို ထွေအုပ်ရုံးထံ ရှေးဦးစွာ တင်ပြပြီး ခွင့်ပြုချက်တောင်းဆိုရမည်ဖြစ်ကြောင်း ပြောဆိုထားကြောင်း သိရသည်။


အဆိုပါ ထွေအုပ်ရုံးမှ ခေါ်ယူပြောဆိုမှုအပြီး နောက်ပိုင်းတွင် မိုးညှင်းမြို့ရှိ ဟိုတယ်နှင့် ခန်းမငှားရမ်းခမှာ ယခင်ထက် ပိုမိုမြင့်တက်သွားပြီး၊ တစ်သိန်းမှ သုံးသိန်းအထိ ဈေးမြင့်ကာ အချက်အလက်များ အပြည့်အစုံဖြင့် ထည့်သွင်းငှားရမ်းလာရသည်ဟု ဆိုသည်။ ထို့ကြောင့် အဖွဲ့အစည်းများအနေဖြင့် လွှတ်လပ်မှုမရှိဘဲ တင်းကြပ်စွာ လုပ်ကိုင်လာရကြောင်းလည်း သိရသည်။


စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလှိုင်လ၂၅ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ အစိုးရဌာနဆိုင်ရာရုံးခွဲများတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရနှင့်မသက်ဆိုင်သောအဖွဲ့အစည်းများ(INGOs)များကို စီစစ်ကြပ်မတ်ပေးရန် အသိပေးအကြောင်းကြားစာ ပေးပို့မှုများ ရှိခဲ့သည်။


အကြောင်းအရာ အမျိုးမျိုးဖြင့် လုပ်ဆောင်နေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရနှင့်မသက်ဆိုင်သောအဖွဲ့အစည်း(INGOs)များမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များကို အနှောက်အယှက်ပေးနိုင်သော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် စီစစ်ကြပ်မတ်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။


သို့သော် မြစ်ကြီးနားမြို့တွင် စီစစ်ကြပ်မတ်ခြင်းမျိုး မတွေ့ရှိရပေမယ့် မိုးညှင်းမြို့မှာတော့ အဖွဲ့အစည်းများ၏ အချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြထည့်သွင်းမှသာလျှင် လူစုလူဝေးပြုလုပ်ခွင့်ရှိသည့် တင်းကြပ်မှုများ စတင်လုပ်ဆောင်လာသည်ဟု ဒေသခံများထံမှ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page