မိုးညှင်းမြို့၊ ထီးလင်းကျောင်းဇာတ်ရုံတွင် သေဆုံးနေသည့် အမျိုးသားအလောင်း(၁)လောင်းတွေ့ရှိ
- Pajau Media

- Jul 17, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၇ရက်၊ဇူလိုင်လ၊၂၀၂၅။

မိုးညှင်းမြို့၊ ထီးလင်းကျောင်းဇာတ်ရုံတွင် ယမန်နေ့ ဇူလိုင်၁၆ရက် ညနေ ၄နာရီအချိန်ခန့်က အမျိုးသားလူသေအလောင်းတွေ့ရပြီး၊ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေသည်ဟု မေတ္တာလေညှင်း လူမှူ့ကူညီရေးအသင်းမှ သိရသည်။
"ထီးလင်းကျောင်းဇာတ်ရုံမှာ လူတစ်ယောက် သေနေတယ်လို့ တာဝန်သိသူ ပြည်သူတစ်ဦးက အကြောင်းကြားလာတာနဲ့ အလောင်းကို ဆေးရုံကြီးရင်ခွဲရုံကို မနေ့က ညနေ၅နာရီမှာ ပို့ပေးခဲ့တာဟုတ်တယ်၊ မှတ်ပုံတင်လဲမပါဘူး၊ ဘယ်သူမှန်းမသိရလို့ တစ်ညတော့ ရင်ခွဲရုံမှာထားမယ်။ ပိုင်ရှင်မပေါ်ရင်တော့ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ သဂြိုလ်မှာဖြစ်တယ်" ဟု မေတ္တာ လေညှင်းလူမှုကူညီရေး အသင်းဝင်တစ်ဉီးက ပြောသည်။
သေဆုံးနေသည့်အလောင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးနေကြောင်းကို ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးနေပြီး၊သက်ဆိုင်ရာမိသားစုဝင်များ မရောက်ရှိလာပါက ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး၊ယခုကဲ့သို့ကိစ္စများအတွက် နီးစပ်ရာမိသားစုများကို ဆက်သွယ်စုံစမ်းရန်လည်း အခက်အခဲရှိသောကြောင့် ပိုင်ရှင်မဲ့အလောင်းအဖြစ် သဂြိုလ်ပေးနေရပြီး၊ (၁)လတာအတွင်း ပိုင်ရှင်မဲ့အလောင်းအဖြစ် အနည်းဆုံး (၃)လောင်းထက်မနည်း သဂြိုလ်ပေးနေရကြောင်းလည်း ထပ်မံသိရသည်။
သတင်း - ကချင်ပြည်သား




Comments