မိုးညှင်းမြို့နယ်တွင် ရှမ်းနီပြည်သူ့စစ်များက တပ်သားသစ်စုဆောင်းခြင်းနှင့် ခရီးသွားပြည်သူများကိုစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်နေ
- Pajau Media

- Apr 30, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၃၀ရက်၊ဧပြီလ၊၂၀၂၅။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှ တပ်သား သစ်စုဆောင်းခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“တစ်လမ်းလုံး စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေပဲ၊ ဂိတ်နဲ့ထိုင်တာကော၊ လမ်းမှာတင် ရပ်စောင့်ပြီး စစ်ဆေးတာတွေကောပဲ။ ခဏလေးလျှောက်လိုက်ပြီဆို ဂိတ်ရှိပြီ။ လမ်းတလျှောက်လုံးပဲ။ အဓိကက ဖုန်းစစ်တယ်၊ သူတို့သံသယရှိသူဆို ဂိတ်အထိ ခေါ်ပြီးစစ်တယ်၊ ကျနော့်ကိုဆို တစ်နာရီကြာလောက် စစ်ကြတယ်။ ခေါင်းကနေခြေအဆုံး စစ်တယ်။” ဟု မိုးညှင်းမှ မြစ်ကြီးနားသို့သွားသည့် ခရီးသွားတစ်ဦးက ပြောသည်။
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ခရီးသွားပြည်သူများအထဲမှ စစ်ဆေးကာဖမ်းဆီးခေါ်ဆောင်ထားသူများလည်း ရှိနေပြီး၊ မိုးညှင်း-နန့်မွန်းတွင်လည်း တပ်သားသစ်စုဆောင်းခြင်း အပြင်းအထန်လုပ်ဆောင်နေကြသည်ဟုဆိုသည်။
“ရှမ်းနီတွေက တပ်သားသစ်ပြင်းပြင်းထန်ထန်ကို စုဆောင်းနေကြတယ်။ အဆိုးဆုံးက ကလေးမိခင်တွေအထိ စုဆောင်းနေကြတာ။ တစ်ချို့ကချင်တွေက ပြေးတဲ့သူကပြေးနဲ့ တပ်သားစုဆောင်းလွန်းလို့ ကျနော်တို့ ပြည်သူတွေက ဘယ်မှကို မသွားရဲကြဘူး။” ဟု နန့်မွန်းမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ၂၃ရက်နေ့ ဆနွန်းကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် နန့်မွန်းကျေးရွာမှ ပြည်သူ(၉)ဦးကိုလည်း ရှမ်းနီပြည်သူ့စစ်များကဖမ်းဆီးခေါ်သွားခဲ့ရာ၊ ယခုအချိန်အထိ သတင်းမကြား၊မလွှတ်လာသေးကြောင်း ထပ်မံသိရသည်။
ထို့အပြင် ဧပြီ၇ရက်နေ့မှစပြီး မိုးညှင်းနှင့်အင်းတော်မြို့နယ်များကို စစ်သားရာချီဖြင့်စစ်ကြောင်းထိုးလာပြီး၊ လက်ရှိအချိန်အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်စစ်ရေးတင်းမာနေသည့်အပြင် အဆိုပါဒေသရှိ အချို့ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။
သတင်း - ပီလမ့်အူ




Comments