top of page

မိုးညှင်းမြို့နယ်၊ဘီလူးကျေးရွာအုပ်စုအတွင်းရှိလူငယ်များအား ရှမ်းနီပြည်သူ့စစ်(၂)ဖွဲ့မှ အပြိုင်အဆိုင်စုဆောင်းရေးဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • May 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၇ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာ အုပ်စုအတွင်း ရှမ်းနီပြည်သူ့စစ် အဖွဲ့နှစ်ဖွဲ့ကွဲကာ မသင့်မြတ်သည့်အပြင် လူငယ်များအား စုဆောင်းရေးအပြိုင်ဆွဲနေကြောင်း သိရသည်။


"ရှမ်းစာပေနဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ရှမ်းအမျိုးသားရေးအတွက် လုပ်မယ်ဆိုပြီး‌အော်နေတဲ့ တစ်ဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီလက်နက်ကိုင်ကတစ်ဖွဲ့ အဲ့လိုကွဲပြီးမတည့်ကြတာ၊ ရှမ်းအမျိုးသားရေးလို့ အော်နေတဲ့အဖွဲ့က အသက်မပြည့်သေးတဲ့အသက်၁၂နှစ်၊ ၁၄နှစ် အရွယ်လူငယ်တွေအထိ စုဆောင်းရေးဆွဲတာ၊ ပြီးရင်နန့်မွန်းအောင်မြေဂိတ်ကိုပို့ပြီး စစ်သင်တန်းတက်ခိုင်းတာ၊ စကစရှမ်းနီပြည်သူ့စစ်တွေကလဲ မျက်စိတစ်ဖက် မရှိတဲ့သူတောင် မချန်ဘူးဆွဲတာဘဲ" ဟု ဘီလူးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။


အုပ်စုကွဲနေသည့် ရှမ်းနီပြည်သူ့စစ် အဖွဲ့နှစ်ဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဘီလူးကျေးရွာအုပ်စု၊အုန်းဆံဆိုင်ရွာသွားလမ်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြသေးကြောင်းနှင့် နှစ်ဖွဲ့စလုံးအပြိုင်အဆိုင် စုဆောင်းရေးဆွဲသောကြောင့်လည်း ဒေသခံအမျိုးသားများ သွားရေးလာရေးသတိထားနေရသည်ဟု ဆိုသည်။


"ရွာထဲကအသက်အရွယ်ငယ်တဲ့ အိမ်ထောင်သည် ကလေးအဖေတွေကအလုပ်ကိစ္စနဲ့ အပြင်သွားရင် စုဆောင်းရေးကြောက်လို့ ကလေးပိုးပြီးသွားကြတယ်၊ ကလေးပိုးထားတဲ့ ကလေးအဖေအိမ်ထောင်သည်တွေတောင် ကလေးရောအဖေပါ စုဆောင်းရေးထဲဆွဲသွားတာတွေရှိတယ်။ ကလေးအမေတွေ နန့်မွန်းကို လိုက်လာမှ ကလေးကိုပြန်ထည့်လွတ်‌ပေးတာ။" ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။


အဆိုပါ ရှမ်းနီပြည်သူ့စစ်အဖွဲ့များမှာ အသက် ၁၂နှစ်မှ ၅၉နှစ်အရွယ်အထိ ကျား/မ မရွေးစုဆောင်းနေသလို၊ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များမှာ စုဆောင်းရေးဆွဲထားသည့် လူငယ်များကို မိုးကောင်းမြို့နယ်ရှိ နန်းခွင်စစ်တပ်စခန်းကိုပို့ကာ စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။


လက်ရှိတွင် ဘီလူးကျေးရွာအုပ်စုရှိ ဘုံချောင်းရွာ၊ အုန်းဆံဆိုင်ရွာတို့တွင် ရှမ်းနီပြည့်သူ့စစ်များက လက်နက်ကိုင်ဆောင်ကာ ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားနေသည့်အပြင် ညနေ၄နာရီခွဲအချိန်မှစပြီး လူငယ်များအား စုဆောင်းရေးဆွဲခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page