မိုးညှင်းမြို့နယ်၊လွဲခမ်းတောင်တွင် ပုပ်ပွနေသည့် မိန်းကလေးအလောင်း နှစ်လောင်းတွေ့ရှိ
- Pajau Media

- Mar 31, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၃၁ရက်၊မတ်လ၊၂၀၂၅။

မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ လွဲခမ်းတောင်တွင် မတ်လ၂၈ရက်နေ့က ပုပ်ပွနေသည့် မိန်းကလေးနှစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံများ ပြောပြလာသည်။
လွဲခမ်းတောင်ကို ကားများဖြတ်သန်းသွားလာစဉ် အပုပ်နံ့ရသောကြောင့် လိုက်လံရှာဖွေရာမှ လွဲခမ်းတောင် တောစပ်တစ်နေရာ၌ အလောင်းနှစ်လောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မိန်းကလေးများ၏ အလောင်းအနီးတွင် ငွေကျပ်သိန်း၅၀နှင့် သော့တန်းလန်းရပ်ထားသည့် ဆိုင်ကယ်တစ်စီးပါ တွေ့ရှိရသည့်အပြင် သေဆုံးနေသည့် မိန်းကလေးနှစ်ဦးလုံးတွင် ရွှေဆွဲကြိုးနှင့် လက်ဝတ်ရတနာများ ဝတ်ဆင်ထားဆဲဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများမှာ ပစ္စည်းလုယူခံရပြီး သတ်ဖြတ်ခံရခြင်းမဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။
ပုပ်ပွနေသည့် အလောင်းများကို ကြည့်ခြင်းအားဖြင့် မိန်းကလေးနှစ်ဦး သေဆုံးနေသည်မှာ ခန့်မှန်းခြေအားဖြင့် သုံးရက်ခန့်ရှိနေပြီဖြစ်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကိုလည်း မသဲကွဲသဖြင့် ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ ထားရှိကာ စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား




Comments