မိုးညှင်းမြို့နယ်၊ ဟဲပါးကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းသိရ
- Pajau Media
- 7 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ ရက်၊ ဇွန်လ၊ ၂၀၂၅။

KIAအမှတ်(၂၆)တပ်ရင်းဒေသဖြစ်သည့် မိုးညှင်းမြို့နယ်၊ ဟဲပါးကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက် နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ဟဲပါးကျေးရွာသို့ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်(SNA) ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် KIAပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟဲပါးကျေးရွာတွင် ဇွန်လ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီက စစ်ကြောင်းဖြင့် လှုပ်ရှားလာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ထို့အပြင် အမှတ်(၉)တပ်မဟာဒေသဖြစ်သည့် ဖားကန့်-လုံးခင်း၊မှော်စီစာ(သာယာကုန်း)ကျေးရွာတွင်လည်း ယမန်နေ့ နံနက် ၈ နာရီအချိန်ကတည်းက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားကာ၊ စစ်တပ်က (၆၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဇွန်လ ၁၀ ရက်နေ့တစ်နေ့ထဲတွင် ဖားကန့်-လုံးခင်း၊မှော်စီစာ၊ ကုဋေနှင့် နန့်မဖြစ်လမ်းတစ်လျှောက် စစ်ကောင်စီစစ်ကြောင်းများ ဆက်လက်ရှိနေသေးသောကြောင့် ဒေသခံများ အသွားအလာသတိထားနေရပြီး၊ ညအထိ ဖားကန့် ကောင်းကင်ယံတွင် ထူးဆန်းသည့် လျှပ်စီးလျပ်မှု ဖြစ်ပေါ်နေသည်ကို တွေ့ရသည်ဟုလည်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။
ထို့ကြောင့် ဖားကန့်ဒေသတွင် လက်ရှိအချိန်အထိ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်ကာ စစ်အင်အားအလုံးအရင်း ရှိနေသေးသည့်အပြင် KIAပူးပေါင်းတပ်ဖွဲ့မှလည်း စစ်ကြောင်းလှုပ်ရှားနေသောကြောင့် နှစ်ဖက်စစ်ရေးအခြေအနေမှာ အပြန်အလှန်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း
Commenti