မိုးညှင်းမှာ ရှမ်းနီပြည်သူ့စစ်(SNA)က နေ့စဥ်ရက်ဆက် စုဆောင်းရေးဆွဲနေ၊ နေအိမ်ထဲထိ ဝင်ရောက်ဆွဲခေါ်တာမျိုးရှိနေ
- Pajau Media

- Jul 22, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဇူလိုင်၊၂၀၂၅။

မိုးညှင်းမြို့တွင် SNA ပြည်သူ့စစ်တပ်ဖွဲ့က လူငယ်များကို ဇူလိုင်လ(၂၀)ရက် နေ့မှစပြီး နေ့စဥ်ရက်ဆက် စုဆောင်းရေးဆွဲနေပြီး နေအိမ်အထဲထိ ဝင်ဆွဲနေကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ ဇူလိုင်၂၂ရက်နံနက် (၈)နာရီဝန်းကျင်တွင် SNAက နန့်လှိုင်ကျေးရွာမှ လူငယ်နှစ်ဦးကို နေအိမ်ထဲအထိ စုဆောင်းရေးဝင်ဆွဲပြီး ယနေ့တစ်ရက်ထဲပင်လူငယ် (၂၀)ဦးထက်မနည်း စုဆောင်းရေးဆွဲခံရကြောင်းသိရသည်။
ဇူလိုင်(၂၁)ရက်နေ့တွင်လည်း ပျော်ဖွယ်ရပ်ကွက် သင်္ချိုင်းကုန်း ခြင်းကွင်းမှာ ခြင်းခတ်နေသည့်လူငယ်(၁၂)ဦး၊ ဟဲလုံရွာထိပ်မှာလူငယ် (၂)ဦး၊ အရှေ့စုလေးလမ်းထိပ်က အထောင်းဆိုင်အနီးမှာ လူငယ်(၈)ဦး၊ သဲကြီးကုန်းရွာအထွက်မှာ လူငယ်(၂)ဦးနှင့် ဂါဒီးယားစားသောက်ဆိုင်မှာ လူငယ်(၂)ဦးတို့ကို အဓမ္မစုဆောင်းရေးဆွဲသွားသည်ဟု သိရသည်။
ထို့အတူ ဇူလိုင်လ၂၀ရက်နေ့က ဘီလူးမြို့မှာ လူငယ်(၅၀)ဦးစုဆောင်း ရေးဆွဲခံလိုက်ရသည်ဟုဆိုသည်။
စုဆောင်းဖမ်းဆီးခံရသည့် လူငယ်များမှာ အသက်(၁၈)နှစ်မှ အသက်(၂၇)နှစ်ဝန်းကျင် လူငယ် အများစုဖြစ်ပြီး မြစ်ကြီးနားကို စစ်သင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်းလည်း SNA နဲ့နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရသည်။
SNAမှာ ပြီးခဲ့သည့် ဇူလိုင်၁၆ရက်နေ့က KIA ထိန်းချုပ်နယ်မြေဖြစ်သည့် အင်းတော်ကြီးဒေသမှ မမုံကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာကို သိမ်းပိုက်လိုက်ပြီးနောက်ပိုင်းမှစ၍ ရှမ်းနီနယ်မြေစိုးမိုးရေးဟုဆိုကာ လူသစ်စုဆောင်း အားဖြည့်ခြင်းကို အတင်းအကျပ်ပြုလုပ်လာခြင်းဖြစ်သည်။
၂၀၂၅ ဧပြီလ သင်္ကြန်အတွင်းစုဆောင်း ရေးခံရတဲ့ လူငယ်များမှာ နန့်မွန်းတွင် စစ်သင်တန်းတက်ရပြီး အသက်(၁၂)နှစ်အရွယ်မှ အသက်၅၅နှစ်အရွယ်ထိ ပါ၀င်ကြောင်း သိရသည်။
သတင်း- ကချင်ပြည်သား




Comments