top of page

မိုးညှင်းမြို့ရှိ အိမ်တစ်အိမ် နှစ်ကြိမ်ဓားပြတိုက်ခံရပြီး ယင်းဓားပြအုပ်စုအဖွဲ့တွင် ရဲတစ်ဦးပါဝင်သည်ဟုဆို

  • Writer: Pajau Media
    Pajau Media
  • Feb 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ နေအိမ်တစ်အိမ် နှစ်ကြိမ်အထိ ဓါးမြတိုက်ခံခဲ့ရပြီး၊ တစ်ပတ်အတွင်း ပိုက်ဆံသိန်း(၅၀)ရှာပေးရမည်ဟု ချိန်းဆိုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန္နဝါရီလ၃၁ရက်နေ့ ည၇နာရီအချိန်တွင် လူဦးရေ(၂၀)လောက်ရှိသည့် သေနတ်ကိုင်ဆောင်ထားသူ အုပ်စုအဖွဲ့က အိမ်တစ်အိမ်တွင် ဓားပြတိုက် ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပိုက်ဆံအပြင် လက်ဝတ်လက်စားများကိုပါ လုယူသွားခဲ့ရာ ဖေဖော်ဝါရီ၄ရက်နေ့တွင်လည်း ဒုတိယအကြိမ် ထပ်မံရောက်ရှိလာကာ ပိုက်ဆံသိန်း၅၀ကို လုယူသွားခဲ့ကြောင်း သိရသည်။


"ဓါးပြက၂၀ယောက်လို့သိရတယ်၊ အိမ်ရှင်တွေကို ပိုက်ဆံသိန်း၅၀၀တောင်းတာ မပေးနိုင်လို့ ကြက်နဲ့ဝက်ရောင်းထားတဲ့ ပိုက်ဆံနဲ့ လက်ဝတ်လက်စား ရွှေတွေ အကုန်ဖြုတ်ယူသွားခဲ့တာ၊ ဓါးပြတိုက်တဲ့အချိန်က ည၇နာရီကန ည၉နာရီအထိဆိုတော့ အေအေးဆေးဆေးကို ရှာဖွေမွေနှောက်သွားတာ။” ဟု ဓားပြတိုက်ခံရသည့် မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။


ဓါးပြအုပ်စုအဖွဲ့မှာ အိမ်ရှင်များအား ဒူးထောက်ကာ ခေါင်းငုံ့ခိုင်းထားပြီး ပိုက်ဆံသိန်း၅၀၀တောင်းသည့်အပြင် ပိုက်ဆံမပေးနိုင်လျင် သတ်ပစ်မယ်ဟု ခြိမ်းခြောက်ခဲ့ပြီး လက်ဝတ်လက်စားနှင့် ရှိသမျှငွေအကုန်သိမ်းယူသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ၄ရက်နေ့တွင် ပိုက်ဆံသိန်း(၅၀)ထပ်ပေးရန် ချိန်းဆိုသွားခဲ့ကြောင်း သိရသည်။


ပထမအကြိမ် ဓားပြလာတိုက်သည့် အုပ်စုအဖွဲ့မှာ သေနတ်ကိုင်ဆောင်ကာ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး၊ ယင်းတို့ထဲမှ တစ်ဦးမှာ မော်ဟန်မှ ရဲတစ်ဦးဖြစ်ကြောင်းလည်း အိမ်ရှင်များအား ပြောဆိုသွားခဲ့သည်။ ထို့အပြင် အိမ်ရှင်ယောက်ျားက ရဲစခန်းသွားတိုင်ခဲ့သော်လည်း ရဲက “နင်တို့ မူးယစ်ဆေးရောင်းတယ်မဟုတ်လား။ ဒါ့ကြောင့် လာစစ်တာနေမှာပေါ့” လို့သာ ပြန်ပြောခဲ့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။


ဒေသခံများက မိုးညှင်းမြို့တွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသောကြောင့် အရေးတကြီးကိစ္စနှင့် အရေးအကြောင်းအချိန်များတွင် အကူအညီတောင်းရန် ခက်ခဲသဖြင့် ယခုကဲ့သို့ မသမာသူများမှ အေးအေးဆေးဆေး ဓါးပြတိုက်သွားရခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။


ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နှစ်လည်ပိုင်းအချိန်တွင်လည်း အုတ်ကျင်းရပ်ကွက်မှ ကျောက်စိမ်းပွဲရုံထောင်ထားသူ၏ နေအိမ်ကို ဓါးပြတိုက်ခံခဲ့ရဖူးကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page