top of page

မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်တွင် လူနေအိမ်နှစ်အိမ် မီးလောင်ကျွမ်းမှုဖြစ်

  • Writer: Pajau Media
    Pajau Media
  • Mar 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့ သိမ်အင်းရပ်ကွက်တွင် ယမန်နေ့ ည၇နာရီချိန်ခန့်က မီးဝါယာရှော့ကြောင့် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“ညနေ၇နာရီလောက်မှာ မီးက စလောင်တာ၊ သိမ်အင်းရပ်ကွက်ဆိုပေမယ့် မိုးညှင်းပန်းခြံနားဆိုတော့ မြို့ထဲနဲ့ နည်းနည်းဝေးတယ်၊ မရောက်လာခင်မှာဘဲ ဘေးအိမ်တအိမ်ကိုပါ မီးကူးသွားတာ” ဟု သိမ်အင်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။


မီးလောင်ကျွမ်းမှုသည် တစ်နာရီနီးပါးခန့် ကြာမြင့်ပြီး ည၈နာရီဝန်းကျင်ခန့်တွင် အပြီးတိုင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


“မီးသတ်ကားရောက်လာတော့ ဘေးအိမ်ကိုပါလောင်နေပြီ၊ မီးငြိမ်းနိုင်သွားလို့သာ နောက်ထပ်ဘေးအိမ်တွေကို မီးဆက်မကူးတာ၊ အဲ့နားက အိမ်လေးတွေက တစ်အိမ်နဲ့တစ်အိမ် ကပ်ကပ်လေးတွေ၊ အချိန်မှီမငြိမ်းနိုင်ရင်တော့ လေကတိုက်တာနဲ့ အများကြီးဆက်လောင်နိုင်တယ်၊ ဝါယာရှော့လို့လဲ ပြောနေကြတယ်" ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


ည၈နာရီဝန်းကျင်အချိန်တွင် မီးသတ်ကား အကြီးအသေးနှစ်စီးဖြင့် လာရောက်မီးငြိမ်းသတ်နိုင်ခဲ့ပြီး၊ မီးလောင်ကျွမ်းသွားသည့် အိမ်အနီးအနားဝန်းကျင်တွင်လည်း ကားဝပ်ရှော့များရှိကာ လောင်စာအများဆုံး ရှိသောနေရာဖြစ်သည့်အပြင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အတိအကျ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page