top of page

မိုးညှင်း လဝကရုံးမှ မှတ်ပုံတင်ပြုလုပ်သူများအား ငွေတောင်းကြမ်းနေတယ်လို့ ဒေသခံတွေပြော

  • Writer: Pajau Media
    Pajau Media
  • Mar 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ပြည်ပထွက်ရန် မှတ်ပုံတင်ပြုလုပ်သူများနှင့် သက်ပြည့်မှတ်ပုံတင် လှဲလှယ်ချင်သူများအား လူဝင်မှုကြီးကြပ်ရေး (လဝက)ရုံးမှ ငွေကြေးအဆမတန်တောင်းခံနေသည်ဟု မိုးညှင်းမြို့ခံများ ပြောလာသည်။


"အာဏာမသိမ်းခင်တုန်းကဆိုရင် မှတ်ပုံတင်လုပ်ရင် တစ်ပြားမှမကုန်ဘူး။ ဦးစီးမှုးက သူ့ရုံးက ဝန်ထမ်းတွေ ငွေတောင်းရင် တိုင်ကြားဖို့ မကြာမဏ ပြောတာကြားရတယ်။ ဒီနောက်ပိုင်းပြောင်းလာတဲ့ ဦးစီးမှူးနဲ့ ဒုဦးစီးမှူးတွေက အချင်းချင်းလက်ဝါးချင်းရိုက်ပြီး ပေါင်းစားနေကြတာ" ဟု အသက်၃၀ပြည့် မှတ်ပုံတင်လဲှလှယ်သူ အမျိုးသမီးက ပြောသည်။


အရင်နှစ်များတွင် မှတ်ပုံတင်ပြုလုပ်လိုသူများမှာ ငွေကြေးအကုန်အကျခံစရာမလို မှတ်ပုံတင် ပြုလုပ်ခဲ့ကြသော်လည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်လာသည့် ယခုနှစ်ဆန်းပိုင်းမှစပြီး ငွေကြေးအဆမတန် ကောက်ခံလာသည်ဟု ဒေသခံများက ပြောသည်။


ဒေသခံများ ပြောပြချက်အရ လက်ရှိ လဝကရုံးတွင် မှတ်ပုံတင်အသစ် ပြုလုပ်မည့် လူငယ်များနှင့် အသက်ပြည့် မှတ်ပုံတင်လှဲလှယ်မည့်သူများအား ကျပ်ငွေ(၆၀,၀၀၀)မှ (၁၀၀,၀၀၀)အထိ ကောက်ခံနေသည့်အပြင် ၎င်းတို့ဖက်မှ တောင်းခံသော ငွေပမာဏအပြည့် မပေးဆောင်ပါက မှတ်ပုံတင်ပြုလုပ်ပေးရာတွင် အချိန်ဆွဲ ကြန့်ကြာမှုများ ပြုလုပ်ထားကြောင်း သိရသည်။


အလားတူ အိမ်ထောင်စုစာရင်းစာရွက် ပျက်စီးပြီး အသစ်လှဲလှယ်လိုသော အိမ်ထောင်စုများမှာ ကျပ်ငွေ (၁၀၀,၀၀၀)ကျပ်မှ (၁၅၀,၀၀၀)ကျပ်အထိ ထည့်သွင်းရကြောင်း နောက်ထပ်ဒေသခံအမျိုးသားက ပြောသည်။


မိုးညှင်းမြို့တွင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဆယ်ကျော်သက် လူငယ်များနှင့် သက်လတ်ပိုင်းလူငယ်များသည် နယ်စပ်သို့ထွက်ခွာကာ အလုပ်လုပ်ကိုင်လိုသောကြောင့် မှတ်ပုံတင် အသစ်ပြုလုပ်ခြင်း၊ သက်ပြည့်မှတ်ပုံတင်လှဲလှယ်ခြင်းများ ပြုလုပ်သူ များပြားလာသည့်အလျောက် မိုးညှင်းလဝကရုံးမှ ဝန်ထမ်းများလည်း ငွေတောင်းကြမ်းလာသည်ဟု ဆိုသည်။


သတင်း - ကချင်ပြည်သား

Photo Credit

Comments


Pajau Media

Thanks for subscribing!

bottom of page