မိန်းကလေးငယ်သုံးဦးအား ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့သည့် တရားခံကို လိုင်ဇာတရားရုံးတော်မှ ထောင်ဒဏ်နှစ်သုံးဆယ်နှင့်သေဒဏ် ချမှတ်
- Pajau Media

- Mar 31, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၁ရက်၊မတ်လ၊၂၀၂၅။

အသက်ဆယ်နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်သုံးဦးအား ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့သည့် တရားခံ ဦးအုန်းဆောင်းဒွဲအောင်ကို လိုင်ဇာတရားရုံးတော်မှ မတ်လ၂၉ရက်နေ့တွင် ထောင်ဒဏ်နှစ်သုံးဆယ်နှင့်သေဒဏ် ချမှတ်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦး ပြောပြချက်အရ သိရသည်။
တရားခံအုန်းဆောင်းဒွဲအောင်ကို ပြီးခဲ့သည့် မတ်လ၂၁ရက်နေ့တွင် လူကိုသွေးဆောင်ခေါ်ယူမှု ပုဒ်မ(၃၆၄)၊ လူသတ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၀၂(၁)(ခ)၊ သက်ငယ်မှုဒိန်းမှု ပုဒ်မ(၃၇၆) စသည့်ပုဒ်မတို့ဖြင့် စွဲချက်တင်ထားခဲ့ပြီး တရားခံမှာ ရာဇသတ်ကြီး ပုဒ်မ(၃၇၆) သက်ငယ်မုဒိန်းမှုကိုတော့ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားခဲ့ရာ သက်သေခိုင်လုံစွာ တင်ပြနိုင်ခြင်းမရှိသောကြောင့် တရားရုံးတော်မှ ပယ်ချခဲ့ကြောင်း သိရသည်။
ထို့နောက် မတ်လ၂၉ရက်နေ့တွင် လူကိုသွေးဆောင်ခေါ်ယူမှု ပုဒ်မ(၃၆၄)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ်၊ သက်ငယ်မုဒိန်းမှု ပုဒ်မ(၃၇၆)အရ ထောင်ဒဏ်အနှစ်နှစ်ဆယ်နှင့် လူသတ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၁) (ခ)အရ ထောင်ဒဏ်ခုနှစ်နှစ်အထက် ချမှတ်နိုင်သည့် ပြစ်မှုကို ကျူးလွန်စဉ် လူသတ်မှုကိုပါ ထပ်မံကျူးလွန်သည့်အတွက် သေဒဏ်ချမှတ်ခဲ့သည်။ ပုဒ်မတစ်ခုချင်းစီအတွက် ပြစ်ဒဏ်တစ်ခုစီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားခံ အုန်းဆောင်းဒွဲအောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ပြီးနောက် မတ်လ ၁၇ ရက်နှင့် ၁၈ရက်နေ့တို့တွင် လိုင်ဇာတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။
ထို့နောက် မတ်လ၂၀ရက်နေ့တွင် တရားခံအား အချိန်အတော်ကြာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ပြီး၊ မတ်လ၂၁ရက်နေ့တွင် ရုံးတော်သို့ စွဲချက်တင်သွင်းခဲ့ရာ မတ်လ၂၉ရက်နေ့မှာတော့ တရားရုံးတော်မှ တရားဝင်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် လိုင်ဇာမြို့အနီး ဂျေယာန်စစ်ရှောင်စခန်းရှိ ဇနီးဖြစ်သူဆရာမထံ လာရောက်သည့် အသက် ၁၀နှစ်ခန့်အရွယ် မိန်းကလေးငယ်၃ဦးကို ပြန်ပေးဆွဲကာ ရက်ရက်စက်စက် ပြန်ပေးဆွဲသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ရောင်နီ




Comments