top of page

မြန်မာတစ်နိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီး(၄၀၀)ကျော် အသက်သေဆုံးခဲ့

  • Writer: Pajau Media
    Pajau Media
  • Jan 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဇန်နဝါရီ၊၂၀၂၅။



မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုအပါအဝင် တိုက်ခိုက်မှုအမျိုးမျိုးကြောင့် အမျိုးသမီး(၄၇၈)ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၁၂)ဦး ရှိခဲ့ကြောင်းကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၏ ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။


သေဆုံးသူအမျိုးသမီး(၄၀၀)ကျော်မှာ စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြောင့်သာမက လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းနှင့် လိင်အကြမ်းဖက်မှုများကြောင့် အသက်သေဆုံးသူများ ပါဝင်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။



စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်သေဆုံးမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၀၉)ဦး၊ ရှမ်းပြည်နယ်တွင် (၉၂)ဦး၊ ရခိုင်ပြည်နယ်တွင် (၈၃)ဦးနှင့် အခြားဒေသများမှလည်း ပါဝင်ကြောင်း တင်ပြထားသည်။


ယခုကဲ့သို့ အမျိုးသမီးအသက်သေဆုံးမှု များပြားလာခြင်းမှာ စစ်ကောင်စီမှ ပြည်သူများအား လူသားဒိုင်းကာပြုလုပ်ခြင်းများကြောင့်လည်းဖြစ်ပြီး၊ အသက်သေဆုံးသူ အမျိုးသမီးအများစုမှာ အသက် ၂၅နှစ်အထက် အမျိုးသမီးများသာ ပိုမိုများပြားကြောင်း ဖော်ပြထားသည်။


စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစ၍ အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်သေဆုံးရသော အမျိုးသမီးဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု ဆိုသည်။


မြန်မာနိုင်ငံအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီးများသေဆုံးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီအား နိုင်ငံတကာမှအရေးယူပေးနိုင်ရန် မြန်မာနိုင်ငံအမျိုးသမီးအခွင့်အရေးအသင်းမှ ကြိုးပမ်းနေကြောင်းလည်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page