top of page

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် သေဆုံးခဲ့သူစာရင်း NUGမှ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Apr 1, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ဧပြီလ၊၂၀၂၅။



မြန်မာနိုင်ငံတွင် မတ်လ၂၈ရက်နေ့က ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးခဲ့သူစာရင်းမှာ မတ်လ၃၁ရက် ညနေပိုင်းအချိန်အထိ အတည်ပြုပြီးသူ နှစ်ထာင်လေးရာကျော် (၂,၄၁၈)ဦးအထိ ရှိခဲ့ပြီး၊ ပျေက်ဆုံးနေသူများလည်း ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ ထုတ်ပြန်ထားသည်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် လူသေဆုံးမှုစာရင်းတွင် အမရပူရမြို့က လူသေဆုံး (၇၀၀)ကျော်၊ စစ်ကိုင်းမြို့က လူ(၆၀၀)ကျော်၊ နေပြည်တော်က လူ(၃၀၀)ကျော်နှင့် အခြားမြို့များမှလည်း အများအပြား သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။



ငလျင်ဘေးဒဏ် နောက်ဆက်တွဲအနေဖြင့် လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပိုင်းဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများပါ ဆက်လက်ကြုံတွေ့နေရပြီး၊ စားသုံးကုန်များနှင့် လောင်စာဆီများ ပြတ်လတ်ခြင်း၊ ဈေးနှုန်းများ ကြီးမြင့်ခြင်းများ ဖြစ်ပေါ်ကာ ထောက်ပံ့ပစ္စည်းများလည်း အရေးတကြီးလိုအပ်နေသည်ဟု ဖော်ပြထားသည်။


NUG အနေဖြင့် အမျိူးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ရှာဖွေကယ်ဆယ်ရေး၊ သောက်သုံးရေရရှိရေး၊ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဘုရားကျောင်းနှင့် နေအိမ်များ အပျက်အစီးများအား ရှင်းလင်းဆောင်ရွက်လျက်ရှိနေသည်။


မန္တလေးတိုင်းရှိ အချို့မြို့နယ်များတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လုံခြုံရေးဆိုင်ရာအန္တရာယ်များ ကြုံတွေ့နေရသည့်အပြင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေခြင်းကြောင့် အိမ်ပြိုသွားသူများသာမက မပြိုဘဲကျန်ရစ်သူများပါ လမ်းမပေါ်နှင့် ကွင်းပြင်များတွင် အိပ်စက်နေရခြင်းကြောင့် ယာယီတဲများနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟုဆိုသည်။


NUG၏ထုတ်ပြန်ချက်အရ မတ်လ၃၀ရက်နေ့အထိ ငလျင်ကြောင့် နေအိမ်အဆောက်အအုံ (၁၃,၄၁၁)လုံး၊ စေတီ (၁၅၇) ဆူ၊ ဗလီ (၅၂) ခုနှင့် ဘုရားကျောင်း (၇၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လမ်းပျက်စီးမှု (၄၃) ခု ရှိခဲ့သည်ဟု ဆိုသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page