top of page

မြန်မာနိုင်ငံတွင်လျှပ်စစ်ဓာတ်အားမလုံလောက်ရခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ရပ်တန့်ခဲ့သောကြောင့်ဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော

  • Writer: Pajau Media
    Pajau Media
  • May 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်မှ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းခဲ့သောကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာ မရရှိခြင်းဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


၂၀၂၅ခုနှစ် မေလ၂၀ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကြောင်းအရာများကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိနေသေးကြောင်း၊ လျှပ်စစ်ဓာတ်အားမရှိပါက ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကောင်းမွန်စွာ လည်ပတ်နိုင်မည်မဟုတ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖူလုံစေဖို့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းလုပ်ငန်းများကို လွန်ခဲ့သောအချိန်ကပင် အကောင်အထည်ဖော်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိကြောင်း စသည့်အကြောင်းအရာများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။


“ထင်ရှားတဲ့ ဥပမာအနေနဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိုမရပ်ဆိုင်းခဲ့ရပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမှာဖြစ်ပြီး လက်ရှိ ဓာတ်အားပေး စက်ရုံတွေနဲ့ မြစ်ဆုံစီမံကိန်း ပေါင်းစပ်လိုက်မယ်ဆိုပါက ဓာတ်အား လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သွားနိုင်တယ်” ဟု စစ်ခေါင်းဆောင်က ပြောသွားသည်။


လက်ရှိဖြစ်ပွားနေသော နိုင်ငံရေး၊စစ်ရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် လုပ်ငန်းများကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အခြေအနေကြောင့် စီမံကိန်းများ ရပ်တန့်ထားရကြောင်းနှင့် လုပ်ဆောင်လို့ ရနိုင်သည့်နေရာများတွင် ဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။


အဆိုပါ မြစ်ဆုံရေကာတာနှင့် ‌ရေအားလျှပ်စစ်စီမံကိန်းကို နှစ်ရှည်လကြာ ကချင်ပြည်နယ် အစိုးရအဖွဲ့များနှင့် တရုတ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များကြား အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ပြည်သူများ၏ ကန့်ကွက်ချက်များကြောင့် လုပ်ငန်းမလည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page