top of page

မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၁၇၂) မြို့နယ်တွင် စစ်ကောင်စီမှ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခေါ်ယူနေ

  • Writer: Pajau Media
    Pajau Media
  • Mar 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


နိုင်ငံသားတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ပြည်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေသော်လည်း စစ်ကောင်စီကတော့ စစ်မှု ထမ်းဥပဒေကို အလျင်အမြန် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။


မတ်လ ၂၂ ရက်နေ့အထိ မြို့နယ်ပေါင်း (၁၇၂) မြို့နယ်တွင် စစ်မှုထမ်းဥပဒေ အကောင်အထည် ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာပေးပို့ခြင်း စသည့်လုပ်ဆောင်ချက်များကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း Data For Myanmar၏ စာရင်းပြုစုချက်အရ သိရသည်။


ယင်းလုပ်ဆောင်ချက်များကို ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ပူတာအိုမြို့နယ်မျာ၊ ကရင်ပြည်နယ်မှ ဘားအံနှင့် မြဝတီမြို့နယ်၊ ချင်းပြည်နယ်မှ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မင်းတပ်၊ မတူပီမြို့နယ်များ၊ ရှမ်းပြည်မြောက်ဘက်ပိုင်းမှ လားရှိုး၊ တန့်ယန်း၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနှင့် မိုးမိတ်မြို့နယ်အပြင် မွန်ပြည်နယ်မှ (၆)မြို့နယ်၊ ရခိုင်ပြည်နယ်မှ (၉)မြို့နယ်တို့တွင် စစ်ကောင်စီမှ လူငယ်များ စစ်မှုထမ်းရန် ဆင့်ခေါ်စာပေးပို့ထားပြီး ဖြစ်သည်။


ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးမှ (၃၂)မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ဘက်ပိုင်းမှ (၁၅)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသမှ (၁၅)မြို့နယ်၊ တနင်္သာရီတိုင်းဒေသမှ (၇)မြို့နယ်၊ ပဲခူးတိုင်းဒေသမှ (၁၇)မြို့နယ်၊ မကွေးတိုင်းဒေသမှ (၁၁)မြို့နယ်၊ မန္တလေးတိုင်းဒေသမှ (၁၃)မြို့နယ်၊ ဧရာဝတီတိုင်းဒေသမှ (၂၁)မြို့နယ်နှင့် နေပြည်တော်ဒေသမှ (၈) မြို့နယ်တို့မှာလည်း စတင်အကောင်အထည် ဖော်နေပြီဖြစ်သည်ဟု Data For Myanmarက ဖော်ပြထားသည်။


သို့သော်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်တွေထဲမှ မြို့နယ်အချို့မှာတော့ မြို့ပေါ်ရပ်ကွက်တွေနှင့် နီးစပ်ရာ ကျေးရွာများကိုသာ ဦးစားပေး လုပ်ဆောင်နေသည်ဟု ဆိုသည်။


ဒါ့အပြင် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေ ထုတ်ပြန်ထားခြင်းမရှိသေးသည့်အပြင် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ်ကိုလည်း ပြည်သူတွေက ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်နေဆဲ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page