top of page

မိုးမောက်ဒေသတွင် စစ်ကောင်စီတပ်မှ ပြည်သူများကို ဖမ်းဆီးမေးမြန်းမှုများ လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဧပြီလ၊ ၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ နေရာယူထားပြီး၊ ပြည်သူများကိုလည်း ဖမ်းဆီးချုပ်နှောင်ကာ၊ မေးမြန်းစစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။


ဧပြီလ ၂၂ရက်နေ့မှစ၍ မိုးမောက်ဒေသအတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုး အင်အားစုစည်းနေပြီး ပြည်သူများကို ဖမ်းဆီးကာ မေးမြန်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။


စစ်ကောင်စီများမှာ မိုးမောက်မြို့ခံ ပြည်သူများ၏ ဈေးဆိုင်များအတွင်းမှ စားသောက် ကုန်ပစ္စည်းများကို ကြိုက်သလို ဝင်ယူဖျက်ဆီးမှုများ လုပ်ဆောင်နေသည့်အပြင် ပြည်သူများမှာလည်း စစ်ရေးအခြေအနေများ တင်းမာလာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုသည်။


ထို့အပြင် ဧပြီလ ၂၂ရက်နေ့တွင်လည်း မိုးမောက်မြို့ ခါနန်ရပ်ကွက်မှ ၁၀ကျော်သက်အရွယ် လူငယ်တစ်ဦးကို ခ.မ.ရ(၄၃၇)တပ်ဖွဲ့မှ ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် လုပ်ဆောင်နေစဉ် ဗုံးပေါက်ကွဲလာသောကြောင့် ယင်းလူငယ်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ယမန်နေ့ ဧပြီလ ၂၄ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ မိုးမောက်မြို့သို့ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။


ဧပြီလ ၂၂ရက်နေ့မှစ၍ မိုးမောက်ဒေသတွင် စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နှင့် ခူးလီကျေးရွာများတွင် တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ကာ တိမ်းရှောင်ခဲ့ကြသည်။


မိုးမောက်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFနှင့် စစ်ကောင်စီတပ်တွေကြား ဧပြီလ ၂၃ ရက်နေ့မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် လက်နက်ကြီးပစ်ခတ်မှုများ ယခုချိန်ထိရပ်တန့်ခြင်းမရှိသေးကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page