top of page

မိုးမောက်ဒေသတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁၊ ၉၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ တန်ပြန်စစ်ရေးတင်းမာနေဆဲဖြစ်သည့်အပြင် ယမန်နေ့ စက်တင်ဘာလ ၁၀ရက် နံနက်ပိုင်း ၅နာရီအချိန်တွင် နှစ်ကြိမ်ထက်မနည်း လေယာဉ်ဖြင့်လာရောက် ဗုံးကြဲသွားကြောင်းသိရသည်။


မိုးမောက်ဒေသအခြေစိုက်သည့် ခ.မ.ရ (၄၃၇)တပ်စခန်းကို ဩဂုတ်လ၁၉ရက်နေ့တွင် KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီး ၅ရက်ကြာပြီးနောက် စစ်တပ်မှ စစ်အင်အားရာချီဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် ဒရုန်း (Drone)များဖြင့်လည်း ပြန်လည်တိုက်ခိုက်နေခဲ့သည်ဟု ဆိုသည်။


လက်ရှိတွင် စစ်မျက်နှာပြင်ဖြစ်နေသည့် မိုးမောက်ဒေသအနီး ဗန်းမော်မြို့မှ ငါးမိုင်၊ခြောက်မိုင်၊ခုနှစ်မိုင်နှင့် မံစီကျေးရွာအနီးမှ ကောင်ဂျာယန်ဝန်းကျင်အတွင်း နှစ်ဖက်တပ်ဖွဲ့များ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။


KIAအမှတ်(၉)တပ်မဟာ၊အမှတ်(၆)တပ်ရင်းဒေသ၊ ဖားကန့်-ဆိုင်းတောင်ကျေးရွာတွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။ ယမန်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၀ရက် နေ့လည်အချိန်ခန့်တွင် ဖားကန့်တပ်မစခန်းမှ ဆိုင်းတောင်ကျေးရွာဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့သည့် အရပ်သားပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။


ယင်းထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများမှာ ဆဘော်ကျေးရွာမှ (၂)ဦးနှင့် ငွေပျော်ရပ်ကွက်မှ (၂)ဦးတို့ဖြစ်ပြီး၊ အချို့သေဆုံးသူများလည်း ရှိနေကြောင်း သိရပေမယ့် လက်ရှိဖားကန့်တွင် အဆက်အသွယ်များ ဖြတ်တောက်ထားသောကြောင့် အသေးစိတ်အချက်အလက်များကို ပါဂျောင်မီဒီယာမှ စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။


ထို့အပြင် ကချင်အထူးဒေသ(၁) ဖြစ်သည့် ပန်ဝါဒေသဘက်တွင်လည်း ယနေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေသည့် အသံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page