top of page

မိုးမောက်ဒေသတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး၊ ပြည်သူများ သေဆုံးမှုရှိနေ

  • Writer: Pajau Media
    Pajau Media
  • May 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊မေလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တန်ပြန်ထိုးစစ်ဆင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အပြင် စစ်တပ်မှ လေယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။


ယနေ့ မေလ ၁၄ရက် နံနက်၈နာရီအချိန်ခန့်တွင်လည်း မိုးမောက်မြို့မှ မြို့သစ်ရပ်ကွက် ဝန်းကျင်အတွင်း လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်သောကြောင့် မြို့သစ်ပြည်သူ့ဆေးရုံအနီးရှိ နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


ယင်းကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားမှာ နေရာတွင်ပင် အသက်သေဆုံးခဲ့ရပြီး အမျိုးသမီးဖြစ်သူမှာ မျက်နှာထိခိုက်ခဲ့ရသည်အပြင် အဖွားဖြစ်သူမှာလည်း ခြေထောက်ထိခိုက်ခဲ့ရကာ ဒဏ်ရာ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။


ဗန်းမော်၊ မိုးမောက် မြို့သစ်ဒေသတွင် ပြီးခဲ့သည့် မေလ ၇ရက်နေ့မှစ၍ စစ်ကောင်စီ ခ.လ.ရ(၄၃၇)တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်ဖွဲ့တို့၏ တန်ပြန်ထိုးစစ်ဆင်သည့် နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကာ၊ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူများ၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့ရသည်။


မေလ ၁၃ရက်နေ့တွင်လည်း ဗန်းမော်၊ မံစီအခြေစိုက်သည့် တပ်စခန်းတစ်ခုကို နံနက်ပိုင်း ၇နာရီအချိန်ခန့်တွင်ပင် KIA ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်း ၃နာရီအချိန်ခန့်တွင် အပြီးတိုင်ထိန်းချုပ်နိုင်ခဲ့သည်။


မံစီဒေသခံများမှာ လုံခြုံသည့် ဘေးလွတ်ရာနယ်မြေတွင် တိမ်းရှောင်နေဆဲဖြစ်ပြီး မံစီရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မံစီမြို့တွင် အခြေစိုက်သည့် ခ.မ.ရ (၆၀၁)၊ ခ.မ.ရ (၃၁၉)များ ဖြစ်သည့် တပ်စခန်းကြီးများ ကျန်ရှိနေသေးသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည့် အခြေအနေကြောင့် မပြန်နိုင်သေးကြောင်း ပြောသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page