top of page

မိုးမောက်နှင့်ဗန်းမော်မြို့ ကြားရှိ ၃မိုင်နှင့်၄မိုင်နေရာများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ

  • Writer: Pajau Media
    Pajau Media
  • Oct 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊အောက်တိုဘာ၊၂၀၂၄။





စစ်ကောင်စီက မိုးမောက်နှင့်ဗန်းမော်မြို့ကြားရှိ နေရာများသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည့်အပြင် လေယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ရှိနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ယနေ့ အောက်တိုဘာ၂၄ရက်နေ့ နံနက် ၉နာရီ၄၅မိနစ်မှ- ညနေ ၁နာရီအချိန်အတွင်း မိုးမောက်နှင့် ဗန်းမော်အကြား ၃မိုင်နှင့်၄မိုင်အနီးဝန်းကျင်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


ယင်းဒေသများတွင် စစ်တပ်နှင့် KIAပူးပေါင်းတပ်ဖွဲ့များ အပြန်အလှန် စစ်ရေးတင်းမာနေကြပြီး ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေဆဲဖြစ်သည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ရက်နေ့တွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် မိုးမောက်(၇)မိုင်-အောင်မြေကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်ဗုံးဖြင့် ၅ကြိမ်ထက်မနည်း လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး၊ ဒရုန်းဖြင့်လည်း ၃ကြိမ်လာရောက်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီးများဖြစ်သည့် ၆၀မမ၊ ၈၁မမ၊၁၂၀မမ၊၁၂၂မမတို့ဖြင့်လည်း အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။


အဆိုပါနေ့တစ်ရက်ထဲပင် စစ်ကောင်စီက တင့်ကားများအပါ စစ်အင်အားအလုံးအရင်းဖြင့် KIAပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် ဒေသဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားလာရာ KIAပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် စစ်ရေးတင်းမာနေခဲ့သည်ဟု ဆိုသည်။


ပြီးခဲ့သည့် အောက်ဂုတ်လ၁၉ရက်နေ့တွင် မိုးမောက်မြို့အပြင်ရှိ ခမရ(၄၃၇)တပ်စခန်းကို KIAပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောက်ဂုတ်၂၄ရက်နေ့မှစပြီး စစ်တပ်မှ မိုးမောက်ပြန်လည်ရရှိရေး စစ်ကြောင်းထိုး လှုပ်ရှားမှုများ နေ့စဉ်ဆက်တိုက် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page