top of page

မိုးမောက်နှင့်မံစီဒေသတွင် စစ်တပ်မှ တန်ပြန်ထိုးစစ်ဆင်နေပြီး၊ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် စစ်ကောင်စီတပ်စခန်းမှ တန်ပြန်စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ရှိနေပြီး၊ ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ၁၉ရက်နေ့တွင် မိုးမောက်ဒေသအခြေစိုက်သည့် ခ.မ.ရ (၄၃၇) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)မှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗန်းမော်မြို့တွင် အခြေစိုက်သည့် စစ်တပ်စခန်းမှ မိုးမောက်ဒေသဝန်းကျင်အတွင်း နေ့စဉ်စစ်ကြောင်းထိုး လှုပ်ရှားနေသည်ဟု ဆိုသည်။


ဩဂုတ်လ၂၄ရက်နေ့မှစပြီး ဗန်းမော်မြို့အခြေစိုက်သည့် စစ်တပ်စခန်းမှ မိုးမောက်နှင့်မံစီဒေသဝန်းကျင်တွင် နေ့စဉ်စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်ပြီး၊ ဩဂုတ်လ၂၅ရက်နေ့မှာတော့ မံစီဒေသသို့ စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်တပ်များကို ကောင်ဂျာယာန်ကျေးရွာအနီးတွင် KIAမှ စောင့်ကြိုတိုက်ခိုက်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။


ထို့အပြင် ယမန်နေ့တွင်လည်း မိုးမောက်ဒေသသို့ စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ မိုးမောက်မြို့ ခြောက်မိုင်နှင့်ခုနှစ်မိုင်အကြားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


ကချင်လွှတ်မြောက်ရေးတပ်(KIA)ပူးပေါင်းတပ်ဖွဲ့သည် မိုးမောက်ဒေသအခြေစိုက်သည့် ခ.မ.ရ (၄၃၇) တပ်စခန်းကို တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ပြီးခဲ့သည့် ဩဂုတ်လ၁၉ရက်နေ့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


ယင်းအချိန်မှစပြီး ဗန်းမော်မြို့အခြေစိုက်သည့် စစ်တပ်စခန်းမှာ မိုးမောက်နှင့်မံစီဒေသသို့ ထပ်မံ စစ်ကြောင်းထိုး လှုပ်ရှားနေပြီး၊ KIA ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်တင်းမာနေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page