top of page

မိုးမောက်မြို့စောင့်တပ် ခမရ ၄၃၇ကို အပြီးသတ်သိမ်းပိုက်နိုင်

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀၊ ၈၊ ၂၀၂၄။



ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ခမရ ၄၃၇တပ်စခန်းကို ဩဂုတ်လ ၁၉တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူမှ အတည်ပြုပြောကြားခဲ့ပါသည်။


ဗန်းမော်မြို့နှင့် မိုးမောက်မြို့ရှိ ခမရ ၄၃၇တပ်ရင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်နေ့ကစတင်ပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ကာ ယမန်နေ့ ဩဂုတ်လ ၁၉ရက်နေ့ မွန်းလွှဲ ၃နာရီကျော်အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြသည်။


မိုးမောက်တပ်စခန်း လက်မလွတ်ရေးအတွက် စစ်ကောင်စီသည် ယမန်နေ့ နေ့လည် ၁၂နာရီဝန်းကျင်အထိ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အပြင် ဗန်းမော်မြို့ဘက်ကလည်း တင့်ကားအပါ စစ်ကား ၅စီးဖြင့် စစ်ကူတက်လာခဲ့သည်။


KIAတပ်များက ဗန်းမော်ဘက်မှ စစ်ကူတက်လာသော စစ်ကား ၅စီးပါသည့် ယာဉ်တန်းကို မိုးမောက်မရောက်မှီ ၆မိုင်နှင့် ၇မိုင်ကြားတွင် ပတ်ဆို့တိုက်ခိုက်ခဲ့သည်။


မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထွက်ပြေးလွတ်မြောက်သွားသော တပ်သားများရှိပြီး အချို့ကို ဖမ်းဆီးရမိသည်ဟု ဗိုလ်မှူးကြီးနော်ဘူမှ ပြောကြားခဲ့ပါသည်။ ထို့ပြင် စစ်ကောင်စီတပ်သား ရာနဲ့ချီသေဆုံးပြီး လက်နက်ခဲယမ်းများလည်း အများအပြားသိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရသိရပါသည်။


ကချင်လွတ်လပ်ရေးတပ် KIAနှင့် ပူးပေါင်းတပ်များသည် ဩဂုတ်လ ၁၈ရက်နေ့ကတည်းက မိုးမောက်မြို့ရှိ ခမရ ၄၃၇တပ်စခန်း၏ နေရာအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဩဂုတ်လ ၁၉ရက်နေ့တွင် အလုံးစုံသိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။


KIAတပ်သည် မိုးမောက် ခမရ ၄၃၇တပ်စခန်းကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သော မေလကတည်းက စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သော်လည်း စစ်ကောင်စီဘက်က တပ်စခန်းလက်မလွတ်ရရေးအတွက် ဝေဟင်တိုက်ခိုက်မှုဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပါသည်။


သို့သော် ဇူလိုင်လ ၂၁ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖော်ဆောင်ပြီးနောက် တစ်လခန့်အကြာတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


မိုးမောက် ခမရ ၄၃၇တပ်ရင်းသည် ဗန်းမော်မြို့အပါ မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါပြီး ဗန်းမောက်-မိုးမောက်-လွယ်ဂျယ် ကားလမ်းပိုင်းအတွက်လည်း စစ်ရေးအရ အလွန်အရေးပါသော နေရာဖြစ်ပြီး လက်ရှိတွင် KIAနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page