top of page

မိုးမောက်မြို့တိုက်ပွဲတွင် အရပ်သားထိခိုက်သေဆုံးပြီး၊ နေအိမ်၁၀လုံးထက်မနည်း ထိခိုက်ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • Apr 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။


ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ ခါနန်ရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့ကြား ယမန်နေ့ ဧပြီလ ၂၂ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးပြီး၊ နေအိမ်များလည်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။


နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေချိန် နေ့လည်ပိုင်းခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ပစ်ခတ်သောကြောင့် ဒေသခံ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိကာ၊ နေအိမ်တစ်လုံးနှင့် ကက်သလစ်ဘုရားကျောင်းတို့ ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။ အလားတူ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် ၁၀လုံးထက်မနည်း ရှိခဲ့သည်ဟု ခါနန်ဒေသခံတစ်ဦးက ပြောသည်။


“အလျဲန်ကောင်ရပ်ကွက်က အရပ်သား၃ဦး သေဆုံးသွားတယ်။ လေယာဉ်ဗုံးကြောင့် ကက်သလစ်ဘုရားကျောင်းက အနည်းငယ် ပျက်စီးသွားတယ်။ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်၊ အဲဒီအိမ်က စပါးကျီတစ်ခုရယ် ဝက်မကြီးနဲ့ ဝက်ကလေးတွေအားလုံးသေသွားတယ်။ ခါနန်ရပ်ကွက်ကလည်း နေအိမ်အားလုံးပေါင်း ၁၀လုံးထက်မနည်းကို ပျက်စီးသွားတယ်” ဟု ခါနန်ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။


လက်ရှိခါနန်ဒေသခံများမှာ ယမန့်နေ့ကထဲက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး၊ လူထိခိုက်သေဆုံးမှုမရှိသော်လည်း၊ လူနေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး၊ အလျဲန်ကောင်ရပ်ကွက်မှ ဒေသခံ၃ဦးမှာတော့ သေဆုံးခဲ့ရခြင်း ဖြစ်သည်။


ဧပြီလ ၂၂ရက်နေ့ နံနက်ပိုင်းအချိန်မှစ၍ ခ.မ.ရ (၄၃၇)တပ်မှ အင်အား ၂၀၀နီးပါးရှိသည့် စစ်ကြောင်းသည် တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ သို့သော် ညနေ၃နာရီနောက်ပိုင်းတွင် စစ်ကောင်စီတပ်များမှာ ခ.မ.ရ (၄၃၇)တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး၊ တိုက်ပွဲငြိမ်သက်သွားသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အား၂၀၀ကျော်သည် ပြန်လည်စစ်ကြောင်းထိုးလာမှုများ ရှိနေကြောင်း ထပ်မံသိရသည်။


“အခု ဒီမနက်ထိတော့ ဘာသံမှမကြားရသေးဘူး ငြိမ်နေတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကတော့ စစ်ကြောင်းတွေ ပြန်ထိုးနေတယ်လို့တော့ ကြားတယ်။ အင်အား၂၀၀ကျော်လောက် ဖြစ်မယ်ထင်တယ်။ ဘယ်ချိန်ဘယ်လိုဖြစ်လာမယ် မသိသေးဘူး။” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


ထို့ကြောင့် ဒေသခံများမှာ ဆက်လက်တိမ်းရှောင်နေကြပြီး၊ စစ်ကောင်စီတပ်မှလည်း စစ်ကြောင်းထိုးနေဆဲ ဖြစ်သည့်အပြင် နှစ်ဖက်စစ်တပ်မှလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ခါနန်




Comments


Pajau Media

Thanks for subscribing!

bottom of page