မိုးမောက်မြို့ ဒေသခံ အများအပြား ဖမ်းဆီးခံနေရပြီး၊ အချို့လွတ်မြောက်လာ
- Pajau Media

- Apr 26, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်တပ်စွဲနေထိုင်ပြီး၊ ဒေသခံပြည်သူ အများအပြားမှာ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း ခံနေရကာ၊ နှိပ်စက်ဒဏ်ရာနှင့် လွတ်မြောက်လာသူများလည်း ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ယောက်က နည်းနည်းစိတ်ထားကောင်းတယ်လို့ ပြောတယ်။ သူက နာမည်တွေ၊ ရပ်ကွက်နာမည်တွေ မေးတယ်။ အမှန်တိုင်းပြောတယ်။ ပြီးတော့ သူတို့မေးတာတွေနဲ့ ပြန်ဖြေတာတွေက အကုန်လုံး အမှန်တွေဖြစ်နေတော့ သူလိမ်မှာ မဟုတ်လောက်ဘူးဆိုပြီး စစ်ကောင်စီဘက်က ပြန်လွတ်ပေးခဲ့တာတဲ့။” ဟု လွတ်မြောက်လာသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လွတ်မြောက်လာသူ အမျိုးသားမှာ ဧပြီလ ၂၄ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ သုံးရက်မြောက်နေ့ဖြစ်သည့် ယနေ့ ၁၁နာရီအချိန်ခန့်တွင် တစ်ကိုယ်လုံး ညိုမဲဒဏ်ရာများဖြင့် လွတ်မြောက်လာကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့မှစ၍ မိုးမောက်မြို့အတွင်း စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူကာ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် အသုံးပြုရန် ဖမ်းဆီးချုပ်နှောင်မှုများ ရှိခဲ့သည်။
“သူ့ကို မေးတာက ပြည်သူ့စစ်သားတွေ ဖြတ်သွားတာ မြင်လားလို့ မေးတယ်တဲ့။ စကစတွေက မေးတာ။ သူက မမြင်ဘူးလို့ ပြောတယ်တဲ့။ သူလည်း တစ်ကယ်မမြင်လိုက်ဘူးလေ။ အဲ့ကြောင့် မမြင်ဘူးလို့ ပြောလိုက်တာ။ အဲ့တာကို မမြင်လို့ မဟုတ်ဘူး။ နင်တို့ ကချင်အချင်းချင်း ကာကွယ်တယ်ဆိုပြီး ဖမ်းခေါ်သွားတာတဲ့။ ဒီဘက် တိုက်ပွဲရှုံးတယ်လို့ သတင်းကြားတိုင်း သူတို့ကို နှိပ်စက်တယ်တဲ့။” ဟု အထက်ပါ နီးစပ်သူတစ်ဦးက ဆက်ပြောသည်။
ယင်းအချိန်မှစ၍ တွေ့သမျှ မိုးမောက်ပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ် ခ.မ.ရ (၄၃၇)မှ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပါဂျောင်မီဒီယာအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။
ထို့အပြင် လက်ရှိစစ်ကောင်စီတပ်များမှာ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် မြို့နေရာ အနှံ့အပြားတွင် ဝင်ရောက်တပ်စွဲနေထိုင်ပြီး KIA တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပါက မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုထားမှုများပါ ရှိနေခဲ့ပြီး၊ ယနေ့တွင်လည်း မိုးမောက်မြို့ရှိ နေအိမ်သို့ ပစ္စည်းပြန်ယူသည့် ဒေသခံများကို စစ်ကောင်စီမှ ပစ်ခတ်သောကြောင့် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးမောက်-ခါနနန်ရပ်ကွက်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြို့အတွင်း ဝင်ရောက်နေရာယူထားသည့် တပ်ဖွဲ့များမှ ဒေသခံများ၏ နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများနှင့် အစားအသောက်များ ခိုးယူစားသောက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဒေဝ
















Comments