top of page

မိုးမောက်(၇)မိုင်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊စက်တင်ဘာ၊၂၀၂၄။



KIA အမှတ်(၃)တပ်မဟာ၊ မိုးမောက်ဒေသ KIA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။


ယမန်နေ့ စက်တင်ဘာ ၂၃ရက်နေ့တွင် မိုးမောက်ဒေသသို့ စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်တပ်မှ ဗန်းမော်အနီးဝန်းကျင်မှ ၇မိုင်ကျေးရွာအနီးသို့ လေယာဉ်ဖြင့် ၇ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်း၊ တင့်ကားများနှင့်လည်း ပစ်ကူခဲ့သည်။ ထို့အပြင် စစ်အင်အားအလုံးအရင်းဖြင့် ခြေလျှင်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။


အလားတူ ယနေ့အထိလည်း ယင်းနေရာအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု ပြောသည်။ ဒေသခံအချို့ပြောဆိုချက်အရ စစ်ကောင်စီက လေယာဉ်၃စီးထက်မနည်းဖြင့် တိုက်ခိုက်နေကြောင်းလည်း ထပ်မံသိရသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်နေ့တွင်လည်း ရွှေကူမြို့မှ ဗန်းမော်မြို့ကို ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာတင် စစ်သင်္ဘောများကို KIAက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သောကြောင့် ဗန်းမော်ြမို့သို့ စစ်သင်္ဘောတစ်စီးသာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။


မိုးမောက်အခြေစိုက် ခမရ (၄၃၇)တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗန်းမော်မြို့အခြေစိုက် စစ်တပ်မှ ဗန်းမော်နှင့်မိုးမောက်အကြားဒေသများတွင် စစ်အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးလှုပ်ရှားနေခဲ့သောကြောင့် နေ့စဉ်ဆက်လက် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။


ယင်း ခမရ (၄၃၇) တပ်စခန်းမှာ မိုးမောက်မြို့နှင့် ဗန်းမော်မြို့အတွက် အရေးပါသည့်စစ်တပ်စခန်းဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ရရှိရေး အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page