top of page

မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးနောက် မန်ဒေါင်ကျေးရွာက ဘိန်းသမားများ လျော့နည်းလာဟုဆို

  • Writer: Pajau Media
    Pajau Media
  • Jun 23
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဇွန်လ၊၂၀၂၅။


ree

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မန်ဒေါင်ကျေးရွာတွင် KIOအစိုးရမှ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လာပြီးနောက် အရက်သမားနှင့် မူးယစ်ဆေးဝါး သုံးစွဲသောသူများ အလွန်လျော့နည်းသွားပြီဟု မန်ဒေါင်ဒေသခံများက ပြောသည်။


“အရင်က ဒီရွှာမှာ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေ အရက်သမားတွေ၊ ဘိန်းစားတွေ အရမ်းများတယ်။ ပြီးတော့ သူခိုးတွေလည်း အရမ်းများတယ်။ ခုဒီလို နာမည်စာရင်းတွေနဲ့တကွ မူးယစ်ဆေးဝါး တိုက်ဖြတ်ပေးတဲ့နောက် သိသိသာသာ လျော့သွားတာတွေ့တယ်။ သူခိုးတွေလည်း မရှိသလောက်ဖြစ်နေပြီ“ ဟု မန်ဒေါင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။


လက်ရှိ မန်ဒေါင်ဒေသတွင် KIOအစိုးရက မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးကော်မတီဖွင့်ကာ မူးယစ်ဆေးဝါး သုံးစွဲသောပြည်သူများအား နာမည်စာရင်းနှင့်တကွ ကောက်ခံကာ စခန်းသွင်းထိန်းသိမ်း ကုသပေးပြီး၊ လှိုင်ဇာမြို့သို့ ၆လသင်တန်း ထပ်မံပြန်လည်ပို့ဆောင်ပေးနေကြောင်း သိရသည်။


ဒေသခံများ ပြောပြချက်အရ လှိုင်ဇာစခန်း၌ ၆လကြာ ကုသပြီးနောက် သင့်တော်သည့် နေရာတစ်ခုတွင် အလုပ်ပေးအပ်ကာ ပြန်လည်ထိန်းကျောင်းပေးကြောင်းလည်း သိရသည်။


“ခုဒီမန်ဒေါင်မှာ KIAတွေက အရက်သမားတွေကအစ ဆေးသမားတွေအားလုံးရဲ့ နာမည်တွေကို ကောက်ပြီး၊ ရွာထဲမှာ မူးယစ်ဆေးဝါးတွေ အရင်တိုက်ဖြတ်ပေးပြီး၊ လှိုင်ဇာကို ၆ လသင်တန်းပြန်ပို့တယ်။ ပြီးတော့ တပ်တွင်း လိုအပ်တဲ့နေရာတွေမှာ အလုပ်ပြန်ချပေးတယ်။ တခုရှိတာကတော့ မိသားစုဝင်တွေကိုယ်တိုင် သွားပို့ရင် အလုပ်နဲ့ပတ်သက်ပြီး ရွေးချယ်ခွင့်ရတယ်” ဟု အထက်ပါက ဆက်ပြောသည်။


 မန်ဒေါင်ကျေးရွာသည် ယခင်က အရက်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အလွန်ပေါ်များသည့် ဒေသဖြစ်သော်လည်း လက်ရှိ KIOအစိုးရမှ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး လုပ်ငန်းများ ဆောင်ရွက်လာပြီးနောက် သိသိသာသာ လျော့နည်းသွားသည်ဟုလည်း ဒေသခံများက ပြောသည်။


အလားတူ တရုတ်နယ်စပ် ဆဒုံး၊ ကန်ပိုင်တည်၊ ချီဖွေ၊ ပန်ဝါ၊ လဂွေဖီမှော်နှင့် ကန့်ဖန့်ဒေသများတွင် လူထုတောင်းဆိုမှုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း(၅၀၀)ဝန်းကျင်က ကုသမှု ခံယူနေဆဲ ဖြစ်သည်။


KIOအစိုးရက ၂၀၁၄ခုနှစ် ဧပြီလမှစတင်ပြီး KIOမူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လူထုအခြေစိုက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီဖွင့်ကာ ဒေသအတွင်း တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page