မော်လူးမှ မေတ္တာအားမာန်ပရဟိတ ခေါင်းဆောင် ဦးဆံရှည်အား စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး ရက် ပေါင်း၂၀ကျော်တွင် သတ်ဖြတ်
- Pajau Media

- Mar 10, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့မှ ပရဟိတခေါင်းဆောင် ဦးဆံရှည်ဆိုသူအား ဖေဖော်ဝါရီ၂၀ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ပေါင်း၂၀အကြာ၊စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း ဦးဆံရှည်နှင့် နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။
"ဖေဖော်ဝါရီ၂၀ရက်နေ့က နဘားလမ်းဆုံမှာ စစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တော့ စစ်တပ်ဖက်က လက်နက်ကြီးနဲ့ထုတာ လူတွေထိခိုက်ဒါဏ်ရာ ရတယ်ကြားတယ်၊ အဲ့လူနာတွေကို မြစ်ကြီးနားဆေးရုံကို သွားပို့ပြီးအပြန်မှာ အဖမ်းခံရတာ၊ ဖမ်းခံရပြီးရက်၂၀ကြာတဲ့အထိအဆက်အသွယ်မရဘူး၊ လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ စစ်တပ်ကလို့ ယူဆရတဲ့သူတယောက်က ဦးဆံရှည်ရဲ့သမီးကို ဖုန်းဆက်လာပြီး KIA ဖက်ကလားလို့မေးလာတယ်တဲ့၊ ဦးဆံရှည်စစ်ကြောရေးမှာ သေဆုံးသွားကြောင်း၊အကြောင်းကြားလာတယ်” ဟု ဦးဆံရှည်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နီးစပ်သူများ ပြောပြချက်အရ ဦးဆံရှည်သည် တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် ထိခိုက်ဒါဏ်ရာရထားသော အရပ်သားပြည်သူများအား တောဖက်ဆေးရုံသို့ ဆေးကုရန် လူနာပို့ဆောင်ဖူးကြောင်း၊ ဦးဆံရှည်၏ဖုန်းထဲတွင် တောဖက်ဆေးရုံတွင် အရပ်သားပြည်သူများကို ဆေးကုသည့်ပုံများရှိသောကြောင့် စစ်တပ်မှ သတင်းရကာ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ပြောသည်။
ဦးဆံရှည်အားဖမ်းဆီးသွားသည့် မိုးညှင်း-မြစ်ကြီးနားအဝေးပြေးလမ်းပေါ်ရှိ ကံကုန်းကြီးရွာတွင် မနက်၆နာရီမှ ည၆နာရီ မဖြတ်သန်းရ မာရှယ်လောထုတ်ပြန်ထားပြီး ဖြတ်သန်းပါက သေနတ်ဖြင့် ပစ်ခတ်ခွင့်ပေးထားကြောင်း ထပ်မံသိရသည်။
သတင်း - ကချင်ပြည်သား




Comments