မေလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီမှ ဗန်းမော်ဒေသကို လေယာဉ်နှင့်လက်နက်ကြီး အကြိမ်(၂၉၀)ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့
- Pajau Media

- Jun 4, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၄ရက်၊ဇွန်လ၊၂၀၂၅။
ကချင်ပြည်နယ်တွင် မေလနောက်ဆုံးပတ်အတွင်း ဗန်းမော်ဒေသအပြင် အခြားဒေသများသို့ Y-12လေယာဉ်ဗုံးဖြင့် ၄၂ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၇ကြိမ်၊ ဒရုန်းဗုံးဖြင့် (၈၀)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၉၀)ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KIAသတင်းက တင်ပြထားသည်။
KIAပူးပေါင်းတပ်ဖွဲ့မှ ဗန်းမော်မြို့ ပြန်လည်သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းကတည်းက ထိုးစစ်ဆင်လာသည်မှာ လက်ရှိအချိန်ထိဖြစ်ပြီး ယနေ့ ၆လပြည့်သည်အထိ တိုက်ပွဲများအပြန်အလှန် ပြင်းထန်နေဆဲဖြစ်သည်။
ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နှင့်ဒရုန်း အမြောက်အများအသုံးပြုသည့်အပြင် ခံစစ်ကိုလည်း အခိုင်အမာချထားသောကြောင့် ဗန်းမော်ဒေသကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟုလည်း ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၆လ ကြာမြင့်လာပြီးနောက် KIAပူးပေါင်းတပ်ဖွဲ့မှ စကခ(၂၁)အားခံစစ်ယူထားပေးသည့် တပ်စခန်းငယ်အများစုကို သိမ်းပိုက်ထားပြီဖြစ်ပြီး တပ်စခန်းကြီးဖြစ်သည့် စကခ(၂၁)ကို သိမ်းပိုက်နိုင်ရန်အတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဇွန်လ၃၀ရက်နေ့အထိ ထပ်မံတိုးမြင့် ကြေညာလိုက်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေရှိ ပညာရေးကျောင်းများကို လေယာဉ်ဖြင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လက်ရှိ ပြည်သူ့ပညာရေးကျောင်းများကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments