top of page

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ကြီးနား-ချီဖွေ-ပန်ဝါသွား ကားလမ်းပိုင်း တောင်ပြိုမြေပြိုကာ ကားလမ်းပိတ်ဆို့မှုများဖြစ်နေ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဇွန်လ၊၂၀၂၅။




ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ကြီးနား-ချီဖွေ-ပန်ဝါသွား ကားလမ်းပိုင်းနေရာအချို့ တောင်ပြိုမြေပြိုကာ ကားလမ်းပိတ်ဆို့မှုများ ဖြစ်နေသောကြောင့် လက်ရှိတွင် သွားလာရန်ခက်ခဲနေပြီး၊ ကားသမားများ ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ် သွားလာနေကြောင်း ကားသမားများထံမှ သိရသည်။


“ခုဒီရက်ပိုင်းမှာ မိုးတွေရွာပြီး ဒီချီဖွေနဲ့ ပန်ဝါကြားမှာတော့ တောင်ပြိုပြီး လမ်းပိတ်တာတွေရှိတယ်။ ပြီးရင် ဒီချီဖွေနဲ့ မြစ်ကြီနားကြားဆိုရင် လမ်းတွေမှာ ရေကြီးရေလျှံတာတွေရှိတော့ လမ်းခရီးသွားလာရတာ ခက်ခဲနေတယ်” ဟု မြစ်ကြီးနား-ပန်ဝါပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။


ချီဖွေ-ပန်ဝါသွားကားလမ်းဖြစ်သည့် (၅၉)မိုင်နေရာတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကာ ကားလမ်းပိတ်ဆို့နေပြီး၊ ခရီးသည်နှင့် ကားသမားများက ကားတစ်စီးစာသွားရသည့်လမ်း ယာယီတူးဖော်သွားလာနေကြကြောင်း သိရသည်။ ထို့အပြင် အဆိုပါယာယီလမ်းခရီးကို ချောမွေ့စွာ သွားလာနိုင်ရန်အတွက် ဘက်ဟိုးဖြင့် ပြန်လည်လမ်းဖောက်လုပ် သွားလာနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ပြောသည်။


“ဒီမြေပြိုပြီး လမ်းပိတ်တာက ချီဖွေ-ပန်ဝါကြား ၅၉ မိုင်နေရာမှာပြိုပြီး လမ်းပိတ်ထားတာ အဲ့တာကို ကျွန်တော်တို့က ကားတစ်စီးစာသွားလို့ရတဲ့ အထိဘဲ လမ်းပြန်ဖောက်ထားပြီး သွားလာနေကြတာ။ လမ်းပြန်ကောင်းအောင်တော့ ဘက်ဖိုးနဲ့ သေသေချာချာ ပြန်လုပ်သွားဖို့ရှိတယ်” ဟု အထက်ပါကားသမားက ပြောသည်။


တစ်ဖက်မှာလည်း ချီဖွေ-ဝိုင်းမော်လမ်းပိုင်း မြေပြိုမှုများဖြစ်နေပြီး၊ သွားလာရန် ခက်ခဲနေသည့်အပြင် ယာဉ်ငယ်များသာ သွားလာနိုင်သည့် အခြေအနေဖြစ်ပြီး ယာဉ်ကြီးများမှာ သွားလာရန် မဖြစ်နိုင်သည့်အခြေအနေဖြစ်နေသေးကြောင်း သိရသည်။


ရေကြီးရေလျှံမှုကြောင့် ရေဘေးတိမ်းရှောင်နေကြရသည့် ပြည်သူများလည်းအများအပြားရှိနေပြီး၊ ယင်းတို့အတွက် အကူအညီများ အရေးတကြီးလိုအပ်နေပြီး ကားလမ်းပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်လာမည်ကိုလည်း ပြည်သူများ စိုးရိမ်နေကြသည်ဟု ဆိုသည်။


သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page